ပြင်ဦးလွင် ကျေးလက်ဒေသ စက်ဘီးစီး ခရီးစဉ် ၂၀၂၁  ဖွင့်ပွဲ ကျင်းပ

ပြင်ဦးလွင်    ဒီဇင်ဘာ     ၂၅       

မန္တလေးတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းများ  ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေး ၊ ခရီးစဉ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ ကျေးလက်ဒေသများ၏ စိတ်ဝင်စားဖွယ် ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များ ၊ ပတ်ဝန်းကျင်ရေမြေတောတောင် သဘာဝရှုခင်းများတွင် အပန်းဖြေ လေ့လာခြင်းများကိုခရီးသွားများ ပိုမိုစိတ်ဝင်တစားလာရောက် လည်ပတ်စေရန်အတွက် ခရီးသွားလုပ်ငန်း မြှင့်တင်ရေးလှုပ်ရှားမှုတစ်ရပ်အဖြစ်  ရည်ရွယ်ကာ  ပြင်ဦးလွင်  ကျေးလက်ဒေသ  စက်ဘီးစီးခရီးစဉ် ၂၀၂၁ ဖွင့်ပွဲကို ယနေ့နံနက် (၇း၃၀) နာရီက  ခရိုင်ပြည်သူ့ အားကစားကွင်း အတွင်း၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများနှင့် စက်ဘီးစီး ဝါသနာရှင်များ တက်ရောက်ကြသည်။

ရှေးဉီးစွာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်တို့က အဖွင့်အမှာစကားပြောကြားပြီး  နံနက် (၀၈း၀၀)နာရီအချိန်က စက်ဘီး စီးနင်းလိုက်ပါသူများကို ခရိုင်အားကစားကွင်းအတွင်းမှ စတင်တာလွတ်ပေးခဲ့သည်။

အဆိုပါ စက်ဘီးစီးအဖွဲ့သည် သတ်မှတ်လမ်းကြောင်းဖြစ်သည့် မန္တလေး - လားရှိုးလမ်းအတိုင်း စီးနင်းထွက်ခွာလာပြီး  ပွဲကောက်ရေတံခွန်နေရာတွင် ပြန်လည်လူစုပြီး နားနေခြင်းများ အမှတ်တရ ဓါတ်ပုံရိုက်ကူးခြင်း ၊ ပွဲကောက်ကျေးရွာမရောက်မှီ လမ်းဘေး ဝဲ/ယာရှိ စိုက်ခင်းများ ၊ ရှု့ခင်းများတွင် ဓါတ်ပုံရိုက်ကူးခြင်း ပြုလုပ်ပြီး သတ်မှတ်လမ်းကြောင်းအတိုင်း ဒီဇင်ဘာ ရေတံခွန်နှင့် အပန်းဖြေစခန်း ( ဒီဇင်ဘာခြံ) သို့ဆက်လက်စီးနင်းထွက်ခွာခဲ့သည်။

အဆိုပါ  စီတန်း၍ ဝင်ရောက်လာသော စက်ဘီးစီးသမား (  ၁၄၀ ) ဦးအား ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ အမှတ်တရလည်ဆွဲ ဆုတံဆိပ်များနှင့် ဂုဏ်ပြုလက်မှတ်များ ပေးအပ်ခဲ့ပြီးနောက်  နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်းသိရသည်။

ခရိုင် ( ပြန်/ဆက် )