ဆီဆိုင် ဒီဇင်ဘာ ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခြင်းကို ဒီဇင်ဘာ ၂၅ ရက်နေ့ နံနက် ၁၀ နာရီက နောင်မွန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၄) လက်ထောက် ညွှန်ကြားရေးမှူး ဦးနေမျိုးလှိုင်မှ တက်ရောက်လာကြသည့် ဒေသခံပြည်သူများအား ပန်းခင်းစီမံချက် လုပ်ငန်းနှင့် ပတ်သက်၍ ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် ဆောင်ရွက် ပေးမည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားပြီး ဆီဆိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစောမောင်ဗွေမှ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား စနစ်တကျ ထိန်းသိမ်းကြစေလိုကြောင်းရှင်းလင်း ပြောကြားသည်။
ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၄) လက်ထောက် ညွှန်ကြားရေးမှူး ဦးနေမျိုးလှိုင်၊ ဆီဆိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစောမောင်ဗွေ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဆီဆိုင်မြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်ဆန်းဝင်းတို့က ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြား(၈၆)ကတ်၊ အိမ်ထောင်စုလူဦးရေစာရင်း (၆၆)စောင်အားပေးအပ်ကာ နောင်မွန်ကျေးရွာအုပ်စု၊ ဆည်မြောင်းကျေးရွာအတွင်းရှိ ပြည်သူများ၏ကိုယ်စားအုပ်စုအုပ်ချုပ်ရေးမှူးနှင့်စာရေးတို့က လက်ခံရယူပြီး ဆည်မြောင်း ကျေးရွာမှ ပြည်သူတစ်ဦးက ကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။
ယင်းနောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက တက်ရောက်လာကြသည့်ပြည်များအား ပန်းခင်းစီမံချက် လက်ကမ်း စာစောင်များ အခမဲ့ဖြန့်ဝေပေးသည်။ ဆက်လက်၍ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးသော အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကိုလည်း ကျေးရွာများ အရောက် ကွင်းဆင်း၍ ပေးအပ်ခြင်းများဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံသားများ ဖြစ်ကြသောတိုင်းရင်းသားများနှင့် ဥပဒေအရနိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးရရှိနိုင်ရန်အတွက် လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူးများထံသို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)