မောက်မယ် ဒီဇင်ဘာ ၂၅
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် စိုက်ပျိုးရေးဉီးစီးဌာနတို့မှ ဦးဆောင်၍ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်များနှင့် တောင်သူများပူးပေါင်းပြီး လယ်ယာခြံစိုက်ခင်း များအတွင်း လယ်ယာသီးနှံစွန့်ပစ် ပစ္စည်း များဖြင့် EM ဘိုကာချီသဘာဝမြေဆွေး မြေသြဇာပြုလုပ် သုံးစွဲခြင်း တောင်သူများပညာပေး လက်တွေ့ပြုလုပ်နည်းသရုပ်ပြပွဲကို ယနေ့နံနက် (၁၀) နာရီက မြို့မအုပ်စု မောက်မယ်မိုးနဲကားလမ်းမဘေးရှိ ကွင်းအမှတ် ၂၀ ဦးပိုင်အမှတ် ၂ ဦးစိုင်းလုံ လယ်၌ ပြုလုပ် ကျင်းပခဲ့ရာ လင်းခေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဦးမျိုးတင့်ဇော်နှင့်အဖွဲ့ဝင်များ၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးမျိုးမင်းသန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဇော်နှင့်အဖွဲ့ဝင်များ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးသက်နိုင်နှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ လင်းခေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးမျိုးတင့်ဇော်က အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးမျိုးမင်းသန်းက လယ်ယာသီးနှံစွန့်ပစ်ပစ္စည်းများဖြင့် EM ဘိုကာချီ သဘာဝမြေဆွေးမြေသြဇာ ပြုလုပ်သုံးစွဲခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့် တောင်သူများအား EM ဖျော်ရည်လက်ဆောင်များကို စိုက်ပျိုးရေး ဝန်ထမ်းများက တစ်လီတာဘူး တစ်ဘူးစီပေးအပ်ပြီး စိုက်ပျိုးရေးဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်များပါ ဖြန့်ဝေခဲ့သည်။ အဆိုပါသရုပ်ပြပွဲပြုလုပ်ရခြင်းမှာ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကာလအတွင်း စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် ယခုနှစ် ဆောင်းရာသီ သီးနှံစိုက်ပျိုးရာသီတွင် ဓါတ်မြေသြဇာစျေးနှုန်းများ မြင့်မားနေ၍ တောင်သူများအပြည့်အဝ မသုံးစွဲနိုင်ခြင်းကြောင့် အထွက်နှုန်းများကျဆင်းမှု မရှိစေရေး၊ EM ဘိုကာချီ သဘာဝမြေဆွေးမြေသြဇာ ပြုလုပ်သုံးစွဲခြင်းအားဖြင့် သီးနှံအထွက်ကို သိသိသာသာ တိုးလာစေရန်စွမ်း ဆောင်နိုင်ခြင်း စိုက်ပျိုးရေးထုတ်ကုန်များ အရှုံးပေါ်မှုမရှိစေရေး၊ လယ်ယာလုပ်ငန်းအတွက် ကုန်ကျမှုစရိတ် လျော့ချနိုင်စေရန်အတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေဘဲ မြေဆီလွှာဖွံ့ဖြိုး တိုးတက်စေရန်အတွက် EM ဘိုကာချီ သဘာဝမြေ ဆွေးမြေသြဇာပြုလုပ် သုံးစွဲရခြင်း နှင့်စပ်လျဉ်း၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသက်နိုင်က ရှင်းလင်းပြောကြားပြီး စိုက်ပျိုးရေးဝန်ထမ်းများနှင့် တောင်သူများတို့က လယ်ယာ သီးနှံစွန့်ပစ် ပစ္စည်းများဖြင့် EM ဘိုကာချီသဘာဝ မြေဆွေးမြေသြဇာ ပြုလုပ်ပုံ အဆင့်ဆင့်ကို အသေးစိတ် လက်တွေ့ပြုလုပ်နည်း သရုပ်ပြ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်( မောက်မယ်)