ကျောက်ပန်းတောင်း ဒီဇင်ဘာ ၂၅
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၏ အရှေ့မြောက်ဘက် (၁၁)မိုင် ခန့်အကွာတွင်တည်ရှိသော ကမ္ဘာကျော်မီးငြိမ်းတောင်တစ်လုံးဖြစ်သည့် ပုပ္ပားတောင်မကြီး၏ ဒီဇင်ဘာတောင်တက်ပွဲ ပါဝင်တက်ရောက်သူများပြားစွာ တက်ရောက်ခဲ့ကြောင်း ပုပ္ပားဒေသခံများထံက သိရသည်။
အဆိုပါ ပုပ္ပားတောင်တက်ပွဲကို တောင်တက်သူ (၂၅၀၀)ကျော်ပါဝင်တက်ရောက်ကြကြောင်း ကျောက်ပန်းတောင်းပတ်ဝန်းကျင်မြို့များဖြစ်သည့် မကွေး၊ ရေနံချောင်း၊ ချောက်၊ စလေ၊ တောင်သာ၊ မိတ္ထီလာ ၊ငါ့သရောက်၊ညောင်ဦး၊ပုဂံမြို့၊ဝဲလောင်၊ ပုပ္ပားလွင်ရွာ၊ကံဇာတ်ကုန်းရွာ၊ အင်ချောင်းရွာနှင့်ကျောက်ပန်းတောင်းမြို့မှ တောင်တက်ဝါသနာရှင်များ တက်ရောက်ကြကြောင်း သိရသည်။ တောင်တက်သူအများစုသည် မိတ်ဆွေပေါင်းသင်းများနှင့်တက်ရောက်လာခြင်း၊ မိသားစု လိုက် တက်ရောက်ကြခြင်းများ ရှိကြကြောင်း၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ ပုပ္ပားတောင်မကြီး ပေါ်သို့ ဒီဇင်ဘာလတစ်လလုံး နေ့စဉ်တောင်တက်သူများ ရှိကြောင်း ပုပ္ပားဒေသခံများ တောင်တက်လမ်းတစ်လျှောက် ရေသန့်၊ ကြာဇံဟင်းခါး၊ ယမ်ယမ်ခေါက်ဆွဲပြုတ်များ၊ သစ်သီးမျိုးစုံ၊ အကြော်မျိုးစုံ ရောင်းချသူများလည်း ရောင်းချနေကြကြောင်း၊ဒီဇင်ဘာ ၂၅ရက်မှ ဒီဇင်ဘာ ၃၁ရက်အတွင်း တောင်တက်သူအများဆုံးလာရောက်နိုင်သည့် ရက်များလည်းဖြစ်ကြောင်း ဒေသခံဈေးသည်များက ပြောကြားသည်။
တောင်တက်သူများသည် အမြင့်ပေ ၄၃၀၀ခန့်ရှိ နွားလပို့(ဗိုဘ့်)တောင်၊အမြင့်ပေ ၄၆၀၀ ခန့် ရှိ ဆေးမွန်တောင် ၊ ၄၇၅၅ ပေရှိ စပါးပုံတောင်နှင့် ပုပ္ပားတောင်၏ အမြင့်ဆုံးတောင်ထိပ်ဖြစ်သည့် မှန်ပြတောင် ၄၉၈၁ ပေရှိ တောင်များသို့ တက်ရာက်ခဲ့ကြကြောင်း သိရသည်။
ညောင်ဦး (ပြန်/ဆက်)