သံဖြူဇရပ် ဒီဇင်ဘာ ၂၅
ယခုအခါ ပွင့်လင်းရာသီ ရောက်ရှိလာပြီးဖြစ်၍ ပြည်သူများ မီးသုံးစွဲရာတွင် ပေါ့ဆမှု မဖြစ်စေရေးကြိုတင်ကာကွယ်နိုင်ရန်နှင့် မီးဘေးအန္တရာယ် မဖြစ်ပွားစေရေးတို့အတွက် ယမန်နေ့ညနေ ၅ နာရီက မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် မီးသတ်ဦးစီးဌာနက အရှိန်အဟုန်မပြတ် လိုက်လံနှိုးဆော်ကြောင်း သိရသည်။
ထိုသို့လိုက်လံနှိုးဆော်ရာတွင် မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ရပ်ကွက်နေပြည်သူများ ထင်း၊မီးသွေးလောင်စာအသုံးပြုနေအိမ်များအား မီးကြွင်းမကျန်ရှိစေရေး၊ ခြင်ဆေးခွေမီးများ၊ ဖုန်းအားသွင်းခြင်းမှ အပူလွန်ကဲမှုဖြစ်ပေါ်နိုင်သည့်အတွက် ဂရုပြုဆောင်ရွက်ကြရန်၊
လျှပ်စစ်ဓာတ်အားရယူတပ်ဆင်အသုံးပြုသူများအား ဟောင်းနွမ်းဝါယာကြိုးများ ပေါက်ပြဲ ပျက်စီးနေပါက အသစ်လဲလှယ် တပ်ဆင်အသုံးပြုသွားကြရန်နှင့် ချက်ပြုတ်ပြီးလျှင်ဖြစ်စေ အိမ်ပြင်ပထွက်ခွာလျှင်ဖြစ်စေ မိန်းခလုတ်ချထားပြီးမှ ထွက်သင့်ကြောင်းတို့ကို အသိပညာ ပေးပြောကြားခဲ့ပြီး၊ မိမိနေအိမ်များတွင်လည်း မီးချိတ်၊မီးကတ်၊သဲပုံး၊ရေပုံး၊ မီးသတ်ဆေးဘူးများ မီးဘေးလုံခြုံရေးဆိုင်ရာ အသုံးအဆောင်များ ထားရှိကြရေးတို့ကို အရှိန်အဟုန်မပျက် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
အေးအေးမွန်(ပြန်/ဆက်)