ကျောက်တလုံးကြီး ဒီဇင်ဘာ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ လဝကမှူးဦးဇော်မြင့် ကြီးကြပ်၍ ကျောက်တလုံးကြီးမြို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ရှေ့တန်းရုံးမှ ဝန်ထမ်းများတို့က လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့ ပန်းခင်းစီမံချက်ဖြင့် နောင်ခဲ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)မှ ကျောင်းသား၊ ကျောင်းသူများ နိုင်ငံသားစီစစ်ရေးကတ်ပြားကို ယမန်နေ့က ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ နိုင်ငံသားစီစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်း ကွင်းဆင်းဆောင်ရွက်ရာတွင် နောင်ခဲအခြေခံ ပညာအထက်တန်းကျောင်း(ခွဲ)ရှိ အသက်(၁၀)နှစ်မှ (၁၈) နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား တောင်ကြီးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ လဝကမှူးနှင့် ကျောက်တလုံးကြီးမြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ရှေ့တန်းရုံးမှ ဝန်ထမ်းများ၊ နောင်ခဲကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးစာရေး ဝန်ထမ်းများတို့က ပူးပေါင်းပါဝင်ဆောင်ရွက်ကြောင်း သိရသည်။
မြဝင်း (ကျောက်တလုံးကြီး)