ရပ်စောက် ဒီဇင်ဘာ ၂၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်အတွင်းရှိ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်များ ဆောင်ရွက်ပေးလျက်ရှိသည့် ပန်းခင်းစီမံချက်အကြောင်း အသိပညာပေး Talk Show ကို ဒီဇင်ဘာ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဆုမွန် ထွန်းက Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဒုတိယလူဝင်မှု ကြီးကြပ် ရေးမှူး ဒေါ်နီလာဆွေနှင့် လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး ဒေါ်သိမ့်သဉ္ဇာဖြိုးတို့က ပန်းခင်းစီမံချက်အကြောင်း ရှင်းလင်းဆွေးနွေးကြသည်။
ပန်းခင်းစီမံချက်ဖြင့် မြို့နယ်အတွင်းနေထိုင်ကြသူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးလုပ်ငန်းများကို လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ၃-၅-၂၀၂၁ ရက်နေ့မှ ၃-၁၁-၂၀၂၂ ရက်နေ့အထိ ၁၈ လတာ ကာလ အတွင်း ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မိမိနေထိုင်ရာမြို့နယ်မှာ အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသေး သူများ၊ လက်ရှိဇာတိဒေသမှာ အမြဲတမ်းနေထိုင်ပြီး အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသေးသူများ၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသမှ အိမ်ထောင်စုလူဦးရေစာရင်းရှိသော်လည်း ကိုင်ဆောင်လက်မှတ်မရှိသေးသူများ၊ ရွှေ့ပြောင်း နေထိုင်သူများ မူလဒေသမှာ အိမ်ထောင်စု လူဦးရေစာရင်းနှင့်ကိုင်ဆောင်လက်မှတ်မရှိ၊ လက်ရှိရောက်ရှိရာဒေသမှာလည်း အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ် မရှိသေးသူများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနအနေဖြင့် မီဒီယာလုပ်ငန်းကော်မတီဖွဲ့စည်း၍ ပြည်သူလူထုသိရှိရေး၊ ပူးပေါင်းပါဝင်လာစေရေးအတွက် ဝက်ဆိုဒ်နှင့် Facebook Page များတွင် လွင့်တင်ခြင်း၊ မြို့နယ်အလိုက် အသိပညာပေး ဘေဘုတ်များ၊ မြေစိုက်ပိုစတာများ စိုက်ထူခြင်း၊ ပန်းခင်း လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းဖြင့် ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)