ကချင်ပြည်နယ်ဝန်ကြီးချုပ်က (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့တွင် ပြည်နယ်အတွင်း စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့ကြသူများအား ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ပေးအပ်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲနှင့် တင်းနစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

မြစ်ကြီးနား   ဒီဇင်ဘာ  ၂၅

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့တွင် ပြည်နယ်အတွင်း စွမ်းစွမ်းတမံထူးချွန်စွာ ထမ်းဆောင်ခဲ့ကြသော ပုဂ္ဂိုလ်များအား ဂုဏ်ထူး ဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ချီးမြှင့်အပ်နှင်းနိုင်ရေးအတွက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၂၄ ရက် မွန်းလွဲ ၁ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ဆောင်ရွက်ခဲ့ကြသည်။

လုပ်ငန်းညှိနှိုင်းအစည်းဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က လာမည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၀ ရက် နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့တွင် ပြည်နယ် အတွင်း စီမံခန့်ခွဲရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာကိစ္စရပ်များတွင် စွမ်းစွမ်းတမံထူးချွန်စွာ ကြိုးပမ်းဆောင်ရွက်ခဲ့ကြသူများအား ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ အား ထိုက်တန်စွာ ချီးမြှင့်ပေးအပ်သွားရမည်ဖြစ်ကြောင်း၊ ဆုများပေးအပ်ချီးမြှင့်ရာတွင် ရွေးချယ်မှုမှန်ကန်စေရေးအတွက် စနစ်တကျဖွဲ့စည်းဆောင်ရွက်သွားရေးနှင့် ထူးချွန်ထက်မြက် စွာ ဆောင်ရွက်ခဲ့သူများအား မကျန်ရစ်ခဲ့စေရေး ကော်မတီအဖွဲ့ဝင်များအနေဖြင့် စိစစ်ရွေးချယ် သွားရန်လိုအပ်ကြောင်း တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ချီးမြှင့်အပ်နှင်းနိုင် ရေး စိစစ်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက အပ်နှင်းချီးမြှင့် သွားမည့် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ ကော်မတီအတွင်းရေးမှူး ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်လေးက ချီးမြှင့်အပ်နှင်းသွားမည့် ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဆုပစ္စည်းများ၊ ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်များ စိစစ်ရွေးချယ်သွားမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသူများက အကြုံပြုသုံးသပ်ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြဆွေးနွေးချက်များအပေါ် ထူးချွန်သူများအား စနစ်တကျ ရွေးချယ်စိစစ်နိုင်ရေးနှင့် ဆုတံဆိပ်အပ်နှင်းချီးမြှင့်နိုင်ရေးအတွက် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ တင်းနစ်ကလပ်၌ ဒီဇင်ဘာ ၂၂ ရက်မှ စတင်ကျင်းပသည့် မြို့နယ်ပေါင်းစုံတင်းနစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးများက တစ်ဦးချင်းအကြီးတန်း၊ တစ်ဦးချင်း အငယ်တန်း၊ အသက် (၅၀)နှင့်အထက် (၂)ယောက်တွဲ ပွဲစဉ်များတွင် ဆုရကစားသမားများနှင့် ဆုရအသင်းများအား  ငွေသားဆုနှင့် ဆုတံဆိပ်များ၊ ပြည်နယ်ဝန်ကြီးချုပ်က အသင်းလိုက် (၃)ယောက်တွဲ ဆုရ မြစ်ကြီးနား(က)အသင်းအား ငွေသားဆု၊ ဆုတံဆိပ်နှင့် ဒိုင်းဆုတို့ကို ပေးအပ်ချီးမြှင့်ခဲ့သည်။

ပြည်နယ် (ပြန်/ဆက်)