ရန်ကုန် ဒီဇင်ဘာ ၂၄
မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ထေရဝါဒ ဗုဒ္ဓသာသနာထွန်းကားစေရန် ရည်ရွယ်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော အစိုးရ အဘိဓမ္မာစာမေးပွဲ၊ အဘိဓမ္မာဂုဏ်ထူးဆောင် (ဋီကာကျော်)စာမေးပွဲနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲများကို နေပြည်တော် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်လျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင်လည်း ဒီဇင်ဘာလ (၂၄)ရက် မွန်းတည့် (၁၂:၀၀)နာရီ အချိန်က မြို့နယ်သံဃနာယကအဖွဲ့၏ ဩဝါဒနှင့်အညီ စာမေးပွဲကြီးကြပ်ရေးအဖွဲ့မှ စီစဉ်သော လူပုဂ္ဂိုလ်များဆိုင်ရာအစိုးရ အဘိဓမ္မာ စာမေးပွဲ၊ အဘိဓမ္မာဂုဏ်ထူးဆောင် (ဋီကာကျော်) စာမေးပွဲနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲများကို စတင်ကျင်းပပြုလုပ်ခဲ့ရာ သံသရာလမ်းညွှန် အဘိဓမ္မာသင်တန်းမှ သင်တန်းသား/သူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။
အဆိုပါ လူပုဂ္ဂိုလ်များဆိုင်ရာ အစိုးရ အဘိဓမ္မာစာမေးပွဲ၊ အဘိဓမ္မာဂုဏ်ထူးဆောင် (ဋီကာကျော်) စာမေးပွဲနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲများ ကျင်းပပြုလုပ်နေမှု အခြေအနေများအား မြို့နယ်သံဃနာယက အဖွဲ့ ဥက္ကဋ္ဌ ဆရာတော် နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကိုးအောင်နှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြ သည်။
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် လူပုဂ္ဂိုလ်များဆိုင်ရာ အစိုးရ အဘိဓမ္မာ စာမေးပွဲ၊ အဘိဓမ္မာဂုဏ်ထူးဆောင် (ဋီကာကျော်)စာမေးပွဲနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲများကို အဆင့်(၃)ဆင့် သတ်မှတ်၍ နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိပြီး ၂၀၂၁-ခုနှစ် ဒီဇင်ဘာလ(၂၄) ရက်နေ့ တွင် ပထမအဆင့် စာမေးပွဲများကို ကျင်းပပြုလုပ်ခဲ့ရာ အဘိဓမ္မာ စာမေးပွဲ (ပထမအဆင့်) ဖြေဆိုသူ (၂၁)ဦး၊ အဘိဓမ္မာဂုဏ်ထူးဆောင် (ဋီကာကျော်) စာမေးပွဲ (ပထမအဆင့်) ဖြေဆိုသူ (၂)ဦး စုစုပေါင်း (၂၃)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး ဒုတိယအဆင့်နှင့် တတိယအဆင့် စာမေးပွဲများကိုလည်း ၂၀၂၁-ခုနှစ် ဒီဇင်ဘာလ(၂၅)ရက်နေ့နှင့် ဒီဇင်ဘာလ(၂၆)ရက်နေ့တို့တွင် နေ့စဉ် မွန်းတည့် (၁၂)နာရီမှ ညနေ(၄)နာရီအထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရသည်။
နိုင်လင်းအောင်(ပြန်/ဆက်)