ဆီဆိုင် ဒီဇင်ဘာ ၂၅
ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်ရာ မတော်တဆမီးလောင်မှု မရှိစေရေးအတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့မဈေးတွင် ဒီဇင်ဘာ ၂၃ ရက် မွန်းလွှဲ ၁ နာရီခွဲက မြို့နယ်စည်ပင်သာယာရေးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ဈေးမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးကို မြို့မဈေးအတွင်းရှိ ဈေးသူ/ဈေးသားများအား မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်နိုင်က မီးလောင်မှုဖြစ်ပွားပါက မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ်ရာတွင် မီးသတ်ဆေးဘူးအသုံးပြုပုံ အဆင့်ဆင့်နှင့် မီးငြိမ်းသတ်နည်းများကို ရှင်းလင်းဟောပြောသည်။ ယင်းနောက် မြို့နယ်စည်ပင်သာယာရေး ဌာန၊ အမှုဆောင်အရာရှိ ဦးထန်ဒေါင့်တွန်နှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များတို့က ဆီဆိုင်မြို့မဈေးအတွင်း မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် မီးသတ်ရေလှောင်ကန်များ၊ မီးသတ်ဆေးဘူးများထားရှိမှု၊ မီးဖို အသုံးပြုနေသည့်ဆိုင်များအား စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)