ကျောက်ပန်းတောင်း ဒီဇင်ဘာ၂၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်ကလပ် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ လုပ်ငန်း တာဝန်စတင်ခြင်းနှင့် ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ (ပထမအကြိမ်) ဩဝါဒခံယူ၍ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို၊ ယမန့်နေ့နံနက်(၁၀)နာရီက တောင်ကလပ်ရှိ အောင်ဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားကို ကြွရောက်တော်မူလာကြသည့် ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် ဧည့်ပရိတ်သတ်များက နမော တဿ သုံးကြိမ် ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ကြပြီး၊ ဓမ္မသုခကျောင်း ဆရာတော် ဘဒ္ဒန္တ ကေသဝ ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ယင်းနောက် သံဃာတော်အရှင်သူမြတ်များ ရွတ်ဖတ်သည့် ပရိတ်တရားတော်များကို နာကြားကြပြီး၊ အောင်တော်မူဆရာတေ်ာ ဘဒ္ဒန္တ ကုမာရ(အဂ္ဂမဟာ ကမ္မဌာနာစရိယ)က ဩဝါဒ ချီးမြှင့်သည်။ ဆက်လက်၍ ဂေါပကအဖွဲ့ ဥက္ကဌ ဦးဝင်းမြင့် က ဩဝါဒခံယူရခြင်းအကြောင်းကို လျှောက်ထားတင်ပြပြီး၊ ဂေါပကအဖွဲ့ ဘဏ္ဍာရေးမှူး ဦးမြင့်ရွှေက ယခု လွှဲပြောင်းလက်ခံရရှိသည့် ဘဏ္ဍာတော်များနှင့်ပတ်သက်၍ ပိုမိုစနစ်ကျသော ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီ ထိန်းသိမ်းဆောင် ရွက်ခွင့်ပြုရန်လျှောက်ထားသည်။ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးသန်းလွင်က လိုအပ်သည်များကို ဖြည့် စွက်ရှင်းလင်းလျှောက်ထားပြီး၊ တိုင်းဒေသကြီးသံဃနာယကအဖွဲ့ အဖွဲ့ဝင် ဘဒ္ဒန္တ ဓမ္မာဝုဓ က နိဂုံးချုပ် ဩဝါဒကထာ ချီးမြှင့် သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့ဝင်များက သံဃာတော်အရှင်သူမြတ်များထံ လှူဘွယ် ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး၊ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ် ရွတ်ဆိုဆုတောင်း ရုတ်သိမ်းခဲ့ ပြီး၊ မြို့နယ်တာဝန်ရှိသူများနှင့် ဂေါပကအဖွဲ့တာဝန်ရှိသူများက ဩဝါဒါစရိယဆရာတော်ကြီးများကို နေ့ဆွမ်းဆက်ကပ် လှူ ဒါန်းခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး သံဃနာယက အဖွဲ့၊ အဖွဲ့ဝင်ဆရာတော်ာ ဘဒ္ဒန္တ ဓမ္မာဝုဓ၊ မြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဌ ဆရာတော် ဘဒ္ဒန္တ သူရိယနှင့် အဖွဲ့ဝင်ဆရာတေ်ာကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်သာသနာရေးမှူး ဦးကျော်ကျော်လွင်နှင့်ဝန်ထမ်းများ၊ ပုပ္ပား တောင်ကလပ်ဂေါပကအဖွဲ့ ဥက္ကဌ ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်များ၊ ရုံးအဖွဲ့မှူးနှင့်ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်းသိရသည်။
နေအောင်