ပူတာအိုမြို့၌(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲ၊ ဆေး ရောင်ခြယ် ၊ စာအုပ်ပြပွဲနှင့်အားကစားပြိုင်ပွဲများယှဉ်ပြိုင်

ပူတာအို ဒီဇင်ဘာ ၂၄

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍(၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ခရိုင်ပြန်ကြားရေး နှင့်ပြည်သူ့ ဆက်ဆံ ရေးဦးစီးဌာန Community Center ခန်းမနှင့်ရုံးခြံဝင်း၌ကျင်းပသည်။

ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်သူဇာက လွတ်လပ်ရေးနေ့ အကြောင်းသိကောင်းစရာများ၊မြန်မာနိုင်ငံတွင်မှီတင်းနေထိုင်ကြသောတိုင်းရင်းသား ညီအစ်ကို မောင်နှမများ ချစ်ချစ်ခင်ခင် နေထိုင်ရန်လိုအပ်ကြောင်းနှင့်ရရှိပြီးသော လွတ်လပ် ရေးကိုထိန်းသိမ်းရန် လူတိုင်းတွင် တာဝန်ရှိကြောင်း အသိပညာပေး ဟောပြောသည်။

ဆက်လက်၍ ဆေးရောင်ခြယ်ပြိုင်ပွဲတွင် မူလတန်းအဆင့်ကျောင်းသားကျောင်းသူ(၃၀)ဦးပါ ဝင်ယှဉ်ပြိုင်ခဲ့ကြရာ ခရိုင်ဦးစီးမှူးနှင့်တာဝန်ရှိသူများက ပြိုင်ပွဲဝင်ကျောင်းသားကျောင်းသူများအား အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ကြပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြိုအနေဖြင့် ခင်းကျင်း ပြသထားသော စာအုပ်ပြပွဲကို ကျောင်းသူကျောင်းသားများကကြည့်ရှုလေ့လာခဲ့ကြသည်။

ထို့နောက် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြိုအနေဖြင့် ချိုချဉ်ကိုက်ပြိုင်ပွဲ၊ အပြေးပြိုင်ပွဲ၊ စာအုပ်ရွက် ပြိုင်ပွဲ၊ ပူဖောင်းသယ်ပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ ကြက်ဖခွပ်ပြိုင်ပွဲနှင့် ပုံးရိုက်ပြိုင်ပွဲစသည့် အားကစားနည်းခုနှစ်မျိုးကို ကျောင်းသူ ကျောင်းသားများကပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ခရိုင်ဦးစီးမှူးနှင့်တာဝန်ရှိသူများက ပြိုင်ပွဲတွင် ပထမ၊ဒုတိယ၊တတိယ ရရှိသူများ အား ဆုများ အသီးသီးပေးအပ် ချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။

 ဖုန်ကန်(ပူတာအို)