ကျိူက်မရော ဒီဇင်ဘာ ၂၄
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးအထိမ်းအမှတ် အကြို အားကစားပြိုင်ပွဲများကို ယနေ့ နံနက်ပိုင်းက အမကနောင်လုံကွင်းကျောင်းတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အ.မ.က နောင်လုံကွင်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆွေဆွေဝင်းက အားကစားပြိုင်ပွဲများ ကျင်းပပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်လူရွယ်များ ကျန်းမာကြံ့ခိုင်၍ ပျော်ရွှင်စေရန်၊ အ စုအဖွဲ့လိုက် ပေါင်းသင်းဆက်ဆံ ဆောင်ရွက်တတ်သည့် အလေ့ကျင့်ကောင်းများ ရရှိစေရန်၊ အားကစားကို ငယ်စဉ်ထဲက လေ့လာလိုက်စားတတ်ပြီး ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် လူငယ်အားကစားသမားများ ပေါ်ထွန်းလာစေရန်နှင့် ကျောင်းနေပျော်ရွှင်စေရန်အတွက် အားကစား ပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများကို ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အဖွဲ့ ၄ ဖွဲ့ခွဲကာ အားကစားနည်း ၄ မျိုးဖြစ်သည့် ထုပ်ဆီးတိုးခြင်း၊ မီတာ ၁၀၀ အပြေးပြိုင်စေခြင်း၊ အာလူးကောက်ခြင်း၊ ဘောလုံးကန်ခြင်း စသည်တို့ဖြင့် ကျောင်းသား၊ ကျောင်းသူများကို ပါဝင်ယှဉ်ပြိုင်စေပြီး ပြိုင်ပွဲတွင် ဆုရရှိသူများကို ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများ၊ ကျောင်းသားမိဘများက ဆုများအသီးသီးပေး အပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး (ကျိုက်မရော)