တာမွေမြို့နယ်ရှိ စည်ပင်သာယာစျေးများမှ စျေးသည်များနှင့် ပျံကျစျေးသည်များအား (ဒုတိယအကြိမ်) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

ရန်ကုန်     ဒီဇင်ဘာ    ၂၄

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်းရှိ စျေးများတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို ကြိုတင်ကာကွယ်တားဆီးနိုင်စေရန်အတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန် တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်ရှိ အလုပ်သမားဆေးရုံကြီးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးကော်မတီ(စျေးများနှင့်ကုန်စည်ပွဲရုံများဌာန)နှင့် မြို့နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ  စည်ပင်သာယာစျေးများမှ စျေးသည်များနှင့် ပျံကျစျေးသည်များအား တရုတ်နိုင်ငံထုတ် Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ (ဒုတိယအကြိမ်)အဖြစ်  ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ တာမွေမြို့နယ်အတွင်းရှိ စည်ပင်သာယာစျေးများမှ စျေးသည်များနှင့် ပျံကျစျေးသည် များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရေးနှင့် လာရောက်ထိုးနှံသူများအနေဖြင့် အဆင်ပြေ ချောမွေ့စွာ ထိုးနှံနိုင်စေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီဝင်များ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အရန် မီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြနီ အသင်းတပ်ဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ လူမှုကူညီရေး ပရဟိတ အသင်းဝင်များနှင့် ရပ်မိရပ်ဖများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း ၊ လက်ကို စနစ်တကျ ဆေးကြောစေခြင်းနှင့် တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာမှ တန်းစီးစောင့်ဆိုင်းစေခြင်း အပါအဝင် လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

“ ကျွန်မတို့လို စျေးသည်တွေဆိုတာ လူတန်းစားမျိုးစုံနှင့် နေ့စဉ်ပြောဆိုဆက်ဆံနေကြရသူတွေပါ။ လူတကာကပေးတဲ့ ပိုက်ဆံတွေကိုလည်း လက်ခံယူရသူတွေပါ။ အဲအတွက် ကျွန်မတို့လို စျေးသည်တွေအနေနဲ့ ဒီကိုဗစ်-၁၉ ရောဂါ ကူစက်ခံရဖို့က အရမ်းကို လွယ်ကူလှပါတယ်။ အခုလို သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ကျွန်မတို့လို စျေးသည်တွေကို ကိုဗစ်ပိုး မကူးစက်ခံရ စေဖို့အတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးတာကိုလည်း ကျေးဇူးအထူးပဲ တင်ရှိပါတယ်။ နောက်ပြီး ကျွန်မတို့လို စျေးသည်တွေအပြင် နေ့စဉ် လူအများနှင့် ပြောဆိုဆက်ဆံ လုပ်ကိုင်ရသူတွေအနေနဲ့လည်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး မထိုးနှံရသေးရင် အမြန်ဆုံး ထိုးနှံကြဖို့ကိုလည်း တိုက်တွန်းချင်ပါတယ် ” ဟု ကာကွယ်ဆေးလာရောက်ထိုးနှံသူ စျေးသည်တစ်ဦးက ပြောကြား ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်ရှိ စည်ပင်သာယာစျေးများမှ စျေးသည်များ နှင့် ပျံကျစျေးသည်များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် အရိုးကုန်းစျေးမှ စျေးသည် (၂၁၃)ဦး၊ ရာပြည့်စျေးမှ စျေးသည် (၉၈)ဦး၊ တာမွေ(ယာယီ)စျေးမှ စျေးသည်(၉၄)ဦး၊ ကျောက်မြောင်းစျေိးမှ စျေးသည်(၇၁)ဦး၊ ဒဂုဏ်ညွန့်စျေးမှ စျေးသည်(၅၇)ဦး၊ မေတ္တာညွန့်စျေးမှ စျေးသည်(၃၀)ဦး၊ ဟင်းသီးဟင်းရွက်နှင့် သား/ငါး အခွန်လွတ်စျေးမှ စျေးသည် (၆)ဦး စုစုပေါင်း (၅၆၉)ဦးအား (ပထမအကြိမ်)အဖြစ် ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့ပြီး ယခုအခါ အဆိုပါ မြို့နယ်အတွင်းရှိ စည်ပင်သာယာစျေးများမှ စျေးသည်များနှင့် ပျံကျစျေးသည်များအား  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို (ဒုတိယအကြိမ်)အဖြစ် ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း ကော်မတီမှ သတင်းရရှိပါသည်။

နိုင်လင်းအောင်(ပြန်/ဆက်)