ရေး ဒီဇင်ဘာ ၂၄
မွန်ပြည်နယ်တရားလွှတ်တော် ရေးမြို့နယ်တရားရုံးမှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ စတင်ပြီး တစ်နိုင်ငံလုံးရှိ တရားရုံးများတွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်မည့် နိုင်ငံတစ်ဝန်းမှု ခင်းစီမံခန့်ခွဲမှုအစီအစဉ် National Case Management Program (NCMP) မိတ်ဆက် ရှင်းလင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ကိုကိုဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဇော်၊ မြို့နယ် ဥပဒေအရာရှိ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တရားသူကြီးများ၊ ဥပဒေအရာရှိများနှင့် ဌာနဆိုင်ရာအရာရှိများ တက်ရောက်ကြပြီး ပထမဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးက အဖွင့်အမှာစကား ပြောကြားပြီးနောက် မြို့နယ်တရားသူကြီး ဦးစိုင်းလုံတစ်မှ မှုခင်းစီမံခန့်ခွဲမှု၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်ရည်ရွယ်ချက်၊ အဓိက လုပ်ငန်းစဉ် (၂) ရပ်၊ အချိန်ကြာမြင့်မှု၊ အမှုစစ်ဆေးနည်း အဆင့်ဆင့်၊ မှုခင်းစီမံခန့်ခွဲမှုအစည်းအဝေး၏ အနှစ် သာရများရရှိမည့် အကျိုးကျေးဇူးများကို PowerPoint ဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြား ခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများမှ သိလိုသည်များကိုမေးမြန်းရာ မြို့နယ် တရားသူကြီး ဦးစိုင်းလုံတစ်မှ ပြန်လည်ဖြေကြားခဲ့ပြီး တရားမမှုအကြောင်း သိကောင်းစရာ၊ စာချွန်တော်အကြောင်း သိကောင်းစာ၊ ရာဇဝတ်မှုအကြောင်း သိကောင်းစရာ လက်ကမ်းစာစောင်များကို တက်ရောက်လာကြသူများအား ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ခင်သိမ့်သိမ့်ရည်