သန်လျင်မြို့နယ် ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းမကြီး ဖွင့်လှစ်

သန်လျင်  သြဂုတ် ၂၄

ကျေးလက်နေပြည်သူများ လမ်းပန်းဆက်သွယ်မှုလုံခြုံ ချောမွေ့စေရေး၊ ဒေသထွက်ကုန်ပစ္စည်းများ အချိန်မီတင်ပို့ ရောင်းချနိုင်ရေး၊ လူမှုရေး ကျန်းမာရေး ကိစ္စများ အချိန်တိုအတွင်းဆောင်ရွက်နိုင်ရေး၊ ကျေးလက်လူမှု စီးပွားဘဝတိုးတက် မြင့်မားစေရေးတို့အတွက် သန်လျင်မြို့နယ် ကျေးလက် လမ်းဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဆောင်ရွက်ခဲ့သော ဘုရားကုန်းကျေးရွာအုပ်စု သဲဖြူချောင်းကျေးရွာ ကျေးရွာချင်းဆက် ကွန်ကရစ် လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီတွင် အဆိုပါ လမ်းထိပ် မုခ်ဦး၌ ကျင်းပခဲ့သည်။

အစီအစဉ်အရ ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းမကြီးအား သန်လျင်မြို့နယ် အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်း အောင်၊ မြို့နယ်ကျေးလက်လမ်း ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဇော်မိုးနှင့် တာဝန်ရှိသူများက မင်္ဂလာအချိန်တွင် လမ်းသစ်အားဖဲကြိုးဖြတ် ဖွင့်လှစ်ပေး ကြသည်။ ထို့နောက် တက်ရောက် လာကြသူများက ကွန်ကရစ် လမ်းမကြီးအား ဖြတ်သန်း ကြည့်ရှုကြသည်။

ယခုဖွင့်လှစ်လိုက်သော ကျေးရွာချင်းဆက်ကွန်ကရစ် လမ်းမကြီးမှာ အရှည်ပေ(၂၅၀၀)ရှိပြီး အကျယ်ပေ(၁၈)ပေရှိကာ ကျေးလက်နေပြည်သူများ အချိန်တို အတွင်း ဆက်သွယ်သွားလာနိုင် တော့မည် ဖြစ်ကြောင်း သိရသည်။

သန်းဝင်း(သန်လျင်)