မော်လမြိုင် ဒီဇင်ဘာ ၂၄
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ပြည်နယ်ဝန်ကြီးများနှင့် အတူ ယမန်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမတွင် ကျင်းပသည့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မော်လမြိုင် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ နှင့်တွေ့ဆုံကာပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ တိုးတက်အောင်မြင် စေရေးအတွက် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က အဓိကအားဖြင့် အဂတိလိုက်စားမှု ကင်းရှင်းအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခုအခါမြို့နေ လူဦးရေ များပြားလာခြင်းကြောင့် မြေနေရာများနှင့် ပတ်သက်၍တည်ဆဲ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် လိုကြောင်း၊ မြို့၊ ရွာသန့်ရှင်းသာယာလှပစေရေး၊ ရပ်ရွာလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေ စိုးမိုးစေရေး အထူးဂရုစိုက် ကြပ်မတ် ဆောင်ရွက်ကြရန် လိုကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များတွင်လည်း သက်ဆိုင်ရာကဏ္ဍအလိုက် လိုအပ်ချက်များကို တင်ပြဆောင်ရွက်ပေးကြရန် လိုအပ် မည်ဖြစ်ကြောင်း၊နိုင်ငံသားစိစစ်ရေးကဒ်ပြားများ၊အိမ်ထောင်စုလူဦးရေစာရင်းများကိုပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး ပြည်သူအားလုံး ထိုးနှံပြီးစီးရေးအတွက် ဝိုင်ဝန်းဆောင်ရွက် ပေးကြရန်နှင့်သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး လုပ်ငန်းများ တွင်လည်း ပူးပေါင်း ဆောင်ရွက်ပေးကြရန် လမ်းညွှန်အမှာစကားပြောကြားသည်။
ထို့နောက် တက်ရောက်ကြသည့်ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများကဒေသဖွံ့ဖြိုးတိုးတက် ရေးနှင့် အခြားလိုအပ်ချက်များ တင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် သက်ဆိုင်ရာဌာနအလိုက် တာဝန်ရှိများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
မွန်ပြည်နယ်တွင် ခရိုင် (၂) ခရိုင်၊ မြို့နယ် (၁၀) ၊ မြို့ (၇) မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု (၄၇၄) အုပ်စု၊ ကျေးရွာပေါင်း (၁၁၄၃) ရှိပြီး အဆိုပါတွေဆုံပွဲ၌ မော်လမြိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာ(၄၂)ခုတို့မှ အုပ်ချုပ်ရေးမှူးများအား ရပ်/ရွာ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့်တရားဥပဒေ စိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများအပြင် ရပ်/ ရွာ သန့်ရှင်းသာယာ လှပရေးတို့နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)