နမ္မတူ ဒီဇင်ဘာ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကော်မတီအနေဖြင့် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ဒီဇင်ဘာလ (၂၃)ရက်နေ့တွင် ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ အသက် (၁၈)နှစ်နှစ် အထက် တိုင်းရင်းသားပြည်သူ (၁၃၅)ဦးအား ပထမအကြိမ် Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။
အဆိုပါ ကာကွယ်ဆေး ထိုးနှံရာနေရာသို့ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းက အနီးကပ်ကြီးကြပ်လျက် မြို့နယ် ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ ဌာန ဆိုင်ရာများမှ တာဝန်ရှိသူများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များမှ စေတနာ့ဝန်ထမ်းများက ဆေးထိုးရန် လာရောက်သည့် တိုင်းရင်းသားပြည်သူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်း၊ စာရင်းအချက်အလက်များ ကောက်ယူပေးခြင်းနှင့် လိုအပ်သည် များကို ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ မြို့နယ်အတွင်းရှိ အကြောင်းအမျိုးမျိုးကြောင့် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသည့် အသက် (၁၈)နှစ်နှင့် အထက် တိုင်းရင်းသားပြည်သူများအား အပတ်စဉ် အင်္ဂါနေ့နှင့် ကြာသာပတေးနေ့တိုင်းတွင် ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံ ပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
နမ္မတူမြို့နယ်တွင် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေး လျက်ရှိရာ ယမန်နေ့ ညနေပိုင်းအချိန်အထိ ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံပြီးသည့် ဒေသခံပြည်သူ ၅၅၃၉ ဦး၊ ကျောင်းသား/ကျောင်းသူ ၉၀၂ ဦး၊ ကာကွယ်ဆေး တစ်ကြိမ် ထိုးနှံပြီးသည့် ဒေသခံပြည်သူ ၆၉၇၆ ဦးနှင့် ကျောင်းသား/ကျောင်းသူ ၂၀၀ ဦး၊ စုစုပေါင်း ကာကွယ်ဆေး ထိုးနှံ ပြီးသည့် တိုင်းရင်းသားပြည်သူများနှင့် ကျောင်းသား/ကျောင်းသူ ၁၃၆၁၇ ဦးရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ တာဝန်ရှိသူ တစ်ဦးထံက သိရသည်။
လူမော် (ပြန်/ဆက်)