မြေပုံ ဒီဇင်ဘာ ၂၃
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်တွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲ ကျင်းပခြင်းကို မြေပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နေ့လယ် ၂ နာရီက ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းများနှင့် အညီ ကျင်းပကြသည်။
ရှေးဦးစွာ မြေပုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဝင်းမင်းစိုးက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နေ့ထူးနေ့မြတ် နေ့ရက်များကို အစဉ် သတိရစေရန်အတွက် လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများ၊ လွတ်လပ်ရေး အဓိပ္ပာယ် ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းကြောင်းများ စသည့် လွတ်လပ် ရေးနေ့နှင့် ပတ်သက်သည့် သိကောင်းစရာများအား အသိပညာပေး ဟောပြောသည်။
ထို့နောက် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာအုပ်ပြပွဲတွင် မြို့နယ်ပြည်သူ့ စာကြည့်တိုက်ရှိ သုတ၊ ရသ စာအုပ်များအား ပြသထားရှိပြီး နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံ့ခေါင်းဆောင်များ၏ လွတ်လပ်ရေးရရှိရန် ကြိုးပမ်းဆောင်ရွက်မှု မှတ်တမ်းများ၊ အသိပညာပေး စာစောင်များ ပြသထားရှိကြောင်း သိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)