မော်လမြိုင် ဒီဇင်ဘာ ၂၄
တိုင်းရင်းသားလူမျိုးများ၏ စကား၊ စာပေ၊ အနုပညာ၊ ရိုးရာယဉ်ကျေးမှုဓလေ့ ထုံးတမ်းများကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရန် နှင့် ဖွံ့ဖြိုးတိုးတက်မှုနည်းပါးသော တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် သက်ဆိုင်ရာဌာနအလိုက် တာဝန်ရှိသူများသည် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၊ မွန်ပြည်နယ်ရုံး ဝန်ထမ်းအိမ်ရာ တည်ဆောက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ ဝန်ထမ်းအိမ်ရာသည် လေးခန်းတွဲ၊ လေးထပ် RC ၁၀၀ ပေ၊ ၃၀ပေအဆောက်အဦ ကို ၂၀၂၀ ၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ခွင့်ပြု ရန်ပုံငွေကျပ်သန်း ၃၅၄ ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝန်ထမ်းများနှင့် တွေ့ဆုံကာ တိုင်းရင်းသားအချင်းချင်း ချစ်ကြည် လေးစားမှုရှိရေး၊ စကား၊ စာပေ၊ အနုပညာ၊ ရိုးရာ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း များ မပျောက်ပျက်အောင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ကြစေလိုကြောင်း၊ တိုင်းရင်းသားလူမျိုးများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍများ အစရှိသည်ဖြင့်ဖွံ့ဖြိုး တိုးလာစေရေးဌာန အနေဖြင့် အလေးထား ဆောင်ရွက်ပေး ကြရန်၊ ဝန်ထမ်းများအနေဖြင့် မိမိတို့သက်ဆိုင်ရာ ဆောင်ရွက်ရမည့် လုပ်ငန်းများအပေါ်တွင် မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်သွား ရန်လိုကြောင်း လမ်းညွှန်မှာကြားသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၁- ၂၀၂၂ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၃၈၀ ဖြင့် ဆောင်ရွက်သည့် မော်လမြိုင်မြို့၊ ဟင်္သာအဝိုင်း-ကျိုက်မရော လမ်းထန်းပင်တန်းရှိ မြေသားတာဘောင်ဖို့ခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက် ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူ၏ တင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က မြို့ရွာသန့်ရှင်းသာယာလှပရေး၊ လုပ်ငန်းများ စံချိန်၊ စံညွှန်းမီ ပြီးစီးစေရေး အထူးကြပ်မတ်ဆောင်ရွက်ကြစေရေး မှာကြားခဲ့သည်။ ထို့နောက် မော်လမြိုင်မြို့၊ မြိုင်သာယာ (အမြဲတမ်း) ပျိုးဥယျာဉ်တွင် သစ်တောဦးစီးဌာနမှ ၂၀၂၂ ခုနှစ်၊ မိုးရာသီ၌ ဖြန့်ဝေစိုက်ပျိုး မည့် လူထုဖြန့်ပျိုးပင်များ ပျိုးထောင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ ပျိုးဥယျာဉ်တွင် ကျွန်း၊ ပျဉ်းကတိုး၊ သင်္ကန်း၊ ပျဉ်းမ၊ မဟော်ဂနီ အစရှိသည့် ပျိုးပင်ပေါင်း ၂၀၀၀၀ ကျော် စိုက်ပျိုးထားရှိပြီး ထပ်မံ၍လည်း ၂ ပေနှင့်အထက် ပျိုးပင် ၂၅၀၀ ကျော် စိုက်ပျိုး ထားရှိမည်ဖြစ်ကာ သစ်ပင်စိုက်ပွဲတော်များ၊ အထိမ်းအမှတ်နေ့များ၊ တစ်ရွာ ၂ ဧက ထင်းစိုက်ခင်းများ၊ တပ်ရင်းတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများအပြင် ပြည်သူလူထုများသို့ ဖြန့်ဝေစိုက်ပျိုးနိုင်ရေး စီစဉ်ဆောင် ရွက်ထားကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)