ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်ရုံးတွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာဖတ်ဝိုင်း ဆောင်ရွက်

ပုဇွန် တောင်   ဒီဇင်ဘာ ၂၄

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ပုဇွန် တောင်မြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန(Community Center)တွင် ယမန်နေ့မွန်းလွဲ (၂)နာရီအချိန်က ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်ရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးက လွတ်လပ်ရေးနေ့အထိမ်းအမှတ်စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်း ဆွေးနွေးပြီး စာရေးဆရာမ ညွန့်ညွန့်(ကလော)က လွတ်လပ်ရေးနေ့ ဖြစ်တည်လာပုံ၊ ကျူးကျော်စစ်သုံးကြိမ် ပေါ်ပေါက်လာမှုများ၊ လွတ်လပ်ရေးရပြီးနောက် နိုင်ငံတော် တိုးတက်လာမှုများကို ယနေ့ခေတ်လူငယ်တွေ အသိပညာဗဟုသုတ ရရှိစေရန် အလို့ငှာ အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဇွန်တောင်မြို့နယ်ရုံးမှ ပြည်သူများ အသိပညာ ဗဟုသုတ တိုးပွားစေရေး အတွက် အသိပညာပေး စာဖတ်ဝိုင်းအစီအစဉ်များကို ဌာနဆိုင်ရာများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ အရပ်ဘက် အဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ အများပြည်သူ သိသင့်သိထိုက်သည့် အကြောင်းအရာများဖြင့် လစဉ်ပြုလုပ် ဆောင်ရွက်ပေးပြီး ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင် ပြည်သူ့စာကြည့်တိုက် Page တွင် လွှင့်တင်ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရှိရသည်။

မြတ်သီရိခိုင်