ကျောက်ဆည်မြို့နယ် ပေါက်ကုန်းကျေးရွာ၌ တတိယအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာ စီမံကိန်း ရန်ပုံငွေကျပ် (၃၂၈) သိန်း ထုတ်ချေးပေး

ကျောက်ဆည် ဒီဇင်ဘာ ၂၄

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ တစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်ပြီး မိသားစုဝင်ငွေတိုးပွားစေရန်နှင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်အတွက်  မြစိမ်းရောင် ကျေးရွာစီမံကိန်း ရန်ပုံငွေ များ ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီက  ပေါက်ကုန်းကျေးရွာ၌ တတိယအကြိမ်မြောက် မြစိမ်း ရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေကျပ် (၃၂၈) သိန်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများ ထုတ်ချေးပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းအေးနှင့် ဝန်ထမ်းများက စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သ (၄၉) ဦးအတွက် ငွေကျပ် (၂၂၂)သိန်း၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ (၂၆) ဦးအတွက် ငွေကျပ် (၈၄) သိန်း၊ အရောင်းအဝယ် လုပ်ကိုင်သူ(၅)ဦးအတွက် ငွေကျပ် (၂၂) သိန်း၊ စုစုပေါင်းစီးပွားရေးလုပ်ကိုင်သူ (၈၀) ဦးအတွက် ငွေကျပ် (၃၂၈) သိန်း  ထုတ်ချေးပေးခဲ့ ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် ပေါက်ကုန်းကျေးရွာတွင် အိမ်ခြေ၊ အိမ်ထောင်စု (၉၇) စု၊ လူဦးရေ (၅၁၁) ဦး နေထိုင်လျက်ရှိပြီး မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေများကို (၂၀၁၉-၂၀၂၀) ဘဏ္ဍာနှစ်တွင် စတင်ထုတ်ချေးပေးခဲ့ပြီး ဒေသခံပြည်သူများ မိသားစု ဝင်ငွေတိုးပွားစေရန်၊ လူမှုစီးပွားဘဝ ပိုမိုတိုးတက်စေရန်အတွက် ကျေးရွာ (၃၆) ရွာတွင်လည်း မြစိမ်းရောင်ကျေးရွာ စီမံကိန်းချေးငွေများ ထုတ်ချေးပေးထားကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရှိရသည်။

သက်မောင်(ကျောက်ဆည်)