ဟိုပန်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ပြသ ဆောင်ရွက်

ဟိုပန် ဒီဇင်ဘာ ၂၄

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့်  (၇၄) နှစ်မြောက်၊ လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ရှမ်း​ပြည်နယ် (မြောက်ပိုင်း)၊ ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဟိုပန်မြို့နယ် ကောင်းကော်ကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်း သို့ ကွင်းဆင်း၍ လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့်  နံရံကပ်စာစောင်များ ပြသခြင်းကို ယမန်နေ့က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ပြုလုပ်ဆောင်ရွက်ရာတွင် ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဉီးစီးအရာရှိ ဒေါ်ဇင်ဇင်သန့်က မြန်မာ့ လွတ်လပ်ရေးရရှိရန်အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး မဆုတ်မနစ် ကြိုးပမ်းခဲ့ရ ပုံအဆင့်ဆင့်နှင့် လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းတို့ကို ဟောပြောကာ အနာဂတ်လူငယ်၊ ကျောင်းသား/သူများအနေဖြင့် မိမိတို့နိုင်ငံ၏ နေ့ထူးနေ့မြတ်ဖြစ်သည့် လွတ်လပ်ရေး နေ့ကို အစဉ်ထာဝရ ထိန်းသိမ်းစောင့်ရှောက်၍ အလေးအနက် တန်ဖိုးထားတက်ကြစေရန်တို့ကို အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍  မြန်မာ့ခေါင်းဆောင်ကြီးများ၏ လွတ်လပ်ရေးရရှိရန် ကြိုးပမ်းခဲ့မှုမှတ်တမ်း ဓာတ်ပုံများပါဝင်သည့် (၇၄) နှစ်မြောက် လွတ်လပ် ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်များကို ပြသဆောင်ရွက်ခဲ့ရာ ကျောင်းသား/ သူများက စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)