ထန်းတပင်(ရန်ကုန်) သြဂုတ် ၂၃
သွေးလွန်တုပ်ကွေးရောဂါနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ ကိုဗစ်-၁၉ ကူးစက်ရောဂါ နှင့် ပတ်သက်သည့် ကျန်းမာရေးဆိုင်ရာ အချက် အလက် များကို အများပြည်သူများအား မိုလ်ဘိုင်းဖုန်း မှတဆင့် ဖြန့်ဝေ ဆောင်ရွက်နိုင်ရေးတို့အတွက် ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင် မြို့နယ် အတွင်းရှိ မြို့ပေါ်ရပ်ကွက် များတွင် ပဏာမအနေဖြင့် စမ်းသပ်စစ်ဆေးမှုများကို စတင်၍ ကွင်းဆင်းအကောင် အထည်ဖော်ဆောင်ရွက် လျက်ရှိပြီး သြဂုတ်လ(၂၃)ရက်နေ့၊ နံနက်ပိုင်းက အမှတ်(၂)ရပ်ကွက်သို့ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်း ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ အေးမွန်မွန် ကျော် ဦးဆောင်၍ ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေး ဦးစီးဌာန (ရပကန) မှတာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများနှင့် အမှတ်(၂) ရပ်ကွက်အုပ်ချုပ် ရေးမှူးနှင့် အဖွဲ့ဝင်များက အဖွဲ့(၂)ဖွဲ့ခွဲကာ အမှတ်(၂)ရပ်ကွက်အတွင်း ဦးစံအေးလမ်း၊ ဦးမောင်သင်လမ်း၊ ခွာညိုလမ်းနှင့် သဇင်လမ်းရှိ နေအိမ်များသို့ တစ်အိမ်တစ်ဆင်းလိုက်လံ၍ သွေးလွန်တုပ်ကွေးခြင် ပေါက်ဖွားနိုင်သည့် ရေသိုလှောင်ပစ္စည်းထားရှိမှုများကို လိုက်လံ ကြည့်ရှုစစ်ဆေး ဆောင်ရွက်ခဲ့ကြကာ ပိုးလောက်လန်းတွေ့ရှိပါက ဖယ်ရှားရှင်းလင်းခြင်းနှင့် အဘိတ်ဆေးခပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြပြီး ကျန်းမာရေးဆိုင်ရာသတင်းအချက်အလက်များကို မိုလ်ဘိုင်းဖုန်းမှ တဆင့်ဖြန့်ဝေပေးပို့နိုင်ရေး တို့အတွက် ဆက်သွယ် ဆောင်ရွက်ရမည့် အချက်အလက်များကို ကောက်ယူဆောင်ရွက်ခဲ့ကြသည်။ ဆက်လက်၍ သွေးလွန်တုပ်ကွေးရောဂါနှင့် ကိုဗစ်-၁၉ကူးစက် ရောဂါ ကြိုတင်ကာကွယ်ရေး အကြောင်း အရာများကို ရပ်ကွက်နေပြည်သူများအား အသိပညာပေးဆောင်ရွက်ခဲ့ကြကာ နှာခေါင်းစည်းMask များကို(အခမဲ့)ဖြန့်ဝေပေးခြင်းကိုဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ကျန်းမာရေးဆိုင်ရာ အချက်အလက်များကို အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေ နိုင်ရန် ကျန်းမာရေးဆိုင်ရာ အချက်အလက်များ ပေးပို့မှု ကို မိုလ်ဘိုင်းဖုန်းဖြင့် ဖြန့်ဝေပေးပို့နိုင်ရေး အတွက် ပဏာမစမ်းသပ်မှုအနေဖြင့် ရပ်ကွက်တစ်ခုလျှင် အိမ်ခြေ(၁ဝဝ)နှုန်း စတင်အကောင် အထည် ဖော်ဆောင်ရွက်ခြင်းဖြစ်ပြီး သွေးလွန်တုပ်ကွေးရောဂါနှင့်ပတ်သက်သည့် အချက်အလက်များ၊ ကိုဗစ်-၁၉ကူးစက်ရောဂါနှင့် ပတ်သက်သည့် အချက်အလက်များကို ရက်သတ္တပတ်တစ်ပတ်လျှင် တစ်ကြိမ် နှုန်းအနေဖြင့် ရပ်ကွက်နေပြည်သူများထံသို့ ဖြန့်ဝေပေးပို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
ဇင်မင်းထိုက်(ပြန်/ဆက်)