တောင်ကြီး ဒီဇင်ဘာ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ တောင်ကြီး မြို့ပေါ်ရှိ ခရစ်ယာန်ကျောင်းများသို့ သွားရောက်ကာ ခရစ္စမတ်လက်ဆောင်နှင့် အလှူငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မြန်မာနိုင်ငံအသင်းတော် (အင်္ဂလိကန်)ဘုရားရှိခိုး ကျောင်းတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရှမ်းပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်က ခရစ္စမတ် နှုတ်ခွန်းဆက်စကားပြောကြားပြီး ရှမ်းပြည်နယ် စီးပွားရေးဝန်ကြီး၊ လူမှုရေးရာဝန်ကြီးနှင့် ပြည်နယ် ဥပဒေချုပ်တို့က ခရစ္စမတ်လက်ဆောင်နှင့် အလှူငွေများပေးအပ်ရာ မြန်မာနိုင်ငံ အသင်းတော် (အင်္ဂလိကန်)ဆရာတော် ဒီဆေးတန်က လက်ခံရယူ၍ အသင်းတော်ကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောပေးခဲ့သည်။
ထိုသို့ ခရစ္စမတ်လက်ဆောင်နှင့် အလှူငွေများ ပေးအပ်ခြင်း အခမ်းနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ရှမ်းပြည်နယ် စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်၊ လူမှုရေးရာဝန်ကြီး ဦးအောင်မြင့်၊ ပြည်နယ် ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ ရှမ်းပြည်နယ် သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြား ရေးမှူး ဦးသိန်းဌေး၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့်၊ မြန်မာနိုင်ငံ အသင်းတော်(အင်္ဂလိကန်)ဆရာတော် ဒီဆေးတန်နှင့် အသင်းတော်မှ အသင်းသားများ တက်ရောက်ခဲ့ကြောင်းနှင့် တောင်ကြီးမြို့ပေါ်ရှိ တိုင်းရင်းသားပေါင်းစုံ နှစ်ချင်း ခရစ်ယာန်အသင်းတော်၊ စိန်ဂျိုးဇက် ကက္ကသလစ် အသင်းတော်များသို့လည်း ခရစ္စမတ် လက်ဆောင်နှင့် အလှူငွေများ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)