ရသေ့တောင်မြို့၌ ပန်းခင်းစီမံချက်ဖြင့် အသက်(၁၆)နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူ (၁၃၄)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ဆောင်ရွက်ပေး

ရသေ့တောင် ဒီဇင်ဘာ ၂၄

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ပြုလုပ်ပေးခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီက အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားများအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်နှင့် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဦးသိန်းမောင်တို့က သွားရောက်လှည့်လည် ကြည့်ကြပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကာ နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရ သေးသည့် အသက်(၁၆)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူ(၁၃၄)ဦးတို့အား နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခဲ့သည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရသေ့တောင်မြို့နယ် ဦးစီးမှူးရုံး အနေဖြင့် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၂၂၇၆)ခု၊ အိမ်ထောင်စုလူဦးရေ စာရင်း (၁၂၂၆)ခု တို့အား ဒေသခံပြည်သူများသို့ ထုတ်ပေးပြီးစီးခဲ့ပြီးဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

အောင်စံထွန်း(ပြန်/ဆက်)