မောင်တော ဒီဇင်ဘာ ၂၄
ရခိုင်ပြည်နယ် မောင်တောမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မောင်တောခရိုင် ရုံးမှ အမှုထမ်းအဆင့် ဝန်ထမ်းသစ်များ လုပ်ငန်းခွင် ဘာသာရပ်ဆိုင်ရာ အခြေခံသင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရိပ်သာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးက ယခုလက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ အိမ်စောင့်အစိုးရလက်ထက်တွင် ဝန်ကြီး ဌာနအသီးသီးတွင် လိုအပ်လျက်ရှိသည့် ဝန်ထမ်းများကို ရွေးချယ်ခန့်ထားလျက်ရှိရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မောင်တောခရိုင် အနေဖြင့် ဝန်ထမ်းသစ် (၂၂)ဦးအား ခန့်ထားပေးခဲ့ပြီး သင်တန်းတွင် ဌာနအတွင်း လုပ်ထုံးလုပ်နည်း များ၊ သိသင့်သိထိုက်သည့် သင်ခန်းစာများကို ရက်တိုသင်တန်းတွင် တာဝန်ရှိသူများက သင်ကြား ပို့ချပေးခဲ့ပြီးဖြစ်ကြောင်းနှင့် ဝန်ထမ်းသစ်များ အနေဖြင့် သင်တန်းမှ ပို့ချပေးလိုက်သည့် စစ်ရေးပြ ဘာသာရပ်၊ လူဝင်မှုကြီးကြပ်ရေး ဘာသာရပ်၊ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဆိုင်ရာ ဘာသာရပ်၊ ပြည်သူ့အင်အား ဘာသာရပ်သင်ခန်းစာများကို ကြိုးစားသင်ယူခဲ့ကြပြီးဖြစ်ရာ နိုင်ငံဝန်ထမ်းပီပီ အလုပ်ကို ကြိုးစားလုပ်ကိုင်ကြရန် လိုအပ်ကြောင်းမှာကြားခဲ့သည်။
ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မောင်တောခရိုင်ဦးစီးမှူး ဒုတိယ ညွန်ကြားရေးမှူး ဦးဆန်းအောင်က သင်တန်းမှ ပို့ချပေးလိုက်သည့် ဘာသာရပ်များ၊ ဝန်ထမ်းများ သိသင့်သိထိုက်သည့်များကို သင်တန်းနည်းပြများက ပို့ချပေးပြီးဖြစ်ရာ မိမိတို့ဌာန၏ လုပ်ငန်းတာဝန် များကို ကျေပွန်စွာ ထမ်းဆောင်ကြရန် မှာကြားခဲ့ပြီး သင်တန်းတွင် စံပြဆုရရှိခဲ့သူ ဒေါ်ဆုလှိုင်မိုး (ဒုတိယလက်ထောက် ကွန်ပျူတာ လုပ်ဆောင်ရေးမှူး) နှင့် စစ်ရေးပြ အကောင်းဆုံးဆု ရရှိခဲ့သူ ဒေါ်ခင်မီမီကျော် (ဒုတိယလက်ထောက် ကွန်ပျူတာလုပ်ဆောင်ရေးမှူး)တို့ နှစ်ဦးနှင့် စစ်ရေးပြ သင်တန်းနည်းပြ နှစ်ဦးတို့အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မောင်တောခရိုင်ဦးစီးမှူး ဒုတိယညွန်ကြားရေးမှူး ဦးဆန်းအောင်နှင့် တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို မောင်တောခရိုင် အတွင်းမှ သင်တန်းသား/သူ ၂၂ ဦးနှင့် အနောက်ဘက် နယ်စပ် ဒေသမှ ဝန်ထမ်း ၂ ဦး စုစုပေါင်း သင်တန်းသား/သူ ၂၄ ဦး တက်ရောက်သင်ယူခဲ့ကြပြီး သင်တန်း ကာလမှာ ဒီဇင်ဘာ ၁၅ ရက်နေ့မှ ၂၂ ရက်နေ့ထိ ၇ ရက်ကြာ သင်တန်းပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
သက်လွင်စိုး(ခရိုင်ပြန်/ဆက်)