ဖားကန့် ဒီဇင်ဘာ ၂၃
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု သာယာကုန်းကျေးရွာအနီးတွင် ယမန်နေ့နံနက် (၄)နာရီခွဲအချိန်ခန့်က လုပ်ကွက်ဟောင်းမြေစာပုံမြေသားထု ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မြေပြိုကျမှုဖြစ်စဉ်ကြောင့် မြေစာပုံနှင့် ရေကန်အကြားတွင် ရေမဆေးကျောက် ရှာဖွေနေသူများနှင့် ပျံကျစျေးဗန်းခင်းရောင်းချနေသူ (၂၀)ဦးခန့် မြေစာနှင့်အတူ ရေကန်အတွင်းသို့ မျောပါသွားခဲ့ကြောင်း သိရသည်။
အဆိုပါ မြေသားထုပြိုကျခဲ့သည့်နေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးငြိမ်းမောင်မောင် ဦးဆောင်သည့်အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းများ၊ နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ လုံးခင်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များတို့က လူနာတင်ယာဉ် (၁၀)စီးနှင့်အတူ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း၊ ယမန်နေ့နံနက်(၁၀)နာရီ (၅၅)မိနစ်ခန့်က အမျိုးသား ရုပ်အလောင်းတစ်လောင်း ရှာဖွေတွေ့ရှိခဲ့သည်။
ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့ရာ ယနေ့နံနက် ၉ နာရီအချိန်၌ ရုပ်အလောင်း (၂) လောင်းထပ်မံ ရှာဖွေတွေ့ရှိခဲ့ကြောင်းသိရသည်။
မိုးမိုးဝေ(ပြန်/ဆက်)