ဆီဆိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်နှင့်အားကစားဆိုင်ရာ အသိပညာပေး (Talk Show) ကျင်းပ

 

ဆီဆိုင် ဒီဇင်ဘာ ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်​ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် လူငယ်နှင့် အားကစားဆိုင်ရာ အသိပညာပေး (Talk Show)ဆွေးနွေးပွဲကို  ယမန်နေ့ ညနေ ၃ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်နန်းမျိုးဆောင်းကျော် က Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးဇော်ထွန်းက ဆွေးနွေးပြောကြားရာ လူငယ်များအနေဖြင့် အားကစားကိုစိတ်ဓာတ်ထက်သန်စွာ လေ့ကျင့်ကစားခြင်းဖြင့် ကျန်းမာရေး အတွက်လည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုစေမှာဖြစ်ကြောင်း၊ ယနေ့အိုင်တီခေတ်တွင် လူငယ်များအနေဖြင့် နည်းပညာများနောက် လိုက်ပါအသုံးပြု ဆောင်ရွက်နေကြသလို အားကစား ကိုလည်း လေ့ကျင့်ပျိုးထောင်ကြစေ လိုကြောင်း၊ ယနေ့လူငယ်များအနေဖြင့် မလိုလားအပ်သည့် နေရာများတွင် အချိန်ကုန်ခံနေမည့်အစား အားကစားလိုက်စားခြင်းဖြင့် မိမိတို့ဘဝ မြင့်မားရေး အတွက် ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း၊ မြို့နယ်တွင်အားကစား နှင့်ပတ်သက်၍ လှုပ်ရှားဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)