ရက်စောက် ဒီဇင်ဘာ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့၌ ကိုဗစ်-၁၉ ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့ပေါ်ရပ်ကွက်များ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ က Hand Speaker ဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြသည်။
ထိုသို့နှိုးဆော်ရာတွင် အိုမီခရွန်မျိုးကွဲသစ်သည် မူလ ကိုဗစ်-၁၉ ရောဂါနှင့် လုံးဝ မတူတော့ခြင်း၊ လက်ရှိကာကွယ် ဆေးများ၏ထိရောက်မှုလျော့ကျနိုင်ခြင်း၊ ယခင်ကိုဗစ်-၁၉ ရောဂါ ဖြစ်ဖူးသူ များလည်း ထပ်မံဖြစ်ပွားနိုင်ခြင်းနှင့် ရောဂါကူးစက်မှုပိုမို မြန်ဆန် နိုင်ခြင်းတို့ကြောင့် ပြည်သူလူထုများအနေဖြင့် ပြင်ပဧည့်သည်များလက်မခံပါရန်နှင့် အခြားသူများထံ သွားရောက် လည်ပတ်ခြင်းမပြုကြပါရန်၊ အပြင်ထွက်ပါက ပါးစပ်နှင့် နှာခေါင်းစည်းများကို စနစ်တကျတပ်ဆင်၍ သွားလာကြပါရန်၊ လက်ကိုမကြာခဏ ဆပ်ပြာနှင့် စနစ်တကျစက္ကန့် (၂၀)ကြာဆေးကြောရန်၊ လူထူထပ်သည့်နေရာများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ရန်၊ နှာခေါင်းစည်း Mask မတပ်ဆင်ထားသောသူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှရှောင်ကြဉ်ကြရန်၊ မိမိအနေဖြင့် ရောဂါပိုး ကူးစက်ခံရသည်ဟုသံသယ ရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ သွားရောက်ပြသ၍ ကျန်းမာရေးဌာန၏ လမ်းညွှန်ချက် အတိုင်း တိကျစွာလိုက်နာကြရန်နှင့် မိဘပြည်သူများ အားလုံး ကိုဗစ်-၁၉ရောဂါပိုး ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို စနစ်တကျ လိုက်နာ ပူးပေါင်း ဆောင်ရွက်ကြပါရန် အသိပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။
ရဲထက်ဦး (ပြန်/ဆက်)