ကလော ဒီဇင်ဘာ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် (Omicron) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထုပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များတွင် Hand Speaker ဖြင့်လှည့်လည် နှိုးဆော်ခဲ့သည်။
ထိုသို့ နှိုးဆော်ရာတွင် ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron) ရောဂါပိုး ကူးစက်မှုမှ ကာကွယ်နိုင်ရန် မိမိနေအိမ်များတွင်သာ နေထိုင်ကြရန်၊ အရေးကြီးကိစ္စကြောင့် ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်းကို စနစ်တကျတပ်ရန်၊ လူစုလူဝေးပြုလုပ်ခြင်းနှင့် သွားလာခြင်း များကို ရှောင်ကြဉ်ရန်၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် စက္ကန့် ၂၀ ကြာအောင် စနစ်တကျ ဆေးရန်နှင့် မိမိတို့၌ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေး ဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသခံယူရန် စသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပေးချက်များနှင့် ကိုဗစ်-၁၉ရောဂါ ကူးစက်မှု ကွင်းဆက်ပြတ်တောက်နိုင်စေရေး အတွက် ပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးမဖြစ်မနေ ထိုးနှံကြရန်ကို (Hand Speaker) ဖြင့် လိုက်လံ နှိုးဆော်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)