မိုင်းလုံမြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ညှိနှိုင်း ဆွေးနွေးပွဲဆောင်ရွက်

မိုင်းလုံ ဒီဇင်ဘာ ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့ ညနေ (၄) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌနှင့် နာယကများ၊ မြို့မိမြို့ဖများ၊ ရပ်မိရပ်ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် မြို့အုပ်ချုပ်ရေးမှူး ဦးသောင်းထွဋ်လင်းက ရပ်ကွက်/ ကျေးရွာအလိုက် ကျောင်းအပ်နှံမှသာ ကျောင်းများဖွင့်လှစ်နိုင်မှာဖြစ်ကြောင်း၊ ဆရာ/ဆရာမများလုံခြုံရေးနှင့် ကျောင်းသား/ကျောင်းသူတို့၏ လုံခြုံရေးကို စနစ်တကျ ဆောင်ရွက်ရန်လိုအပ်ပြီး အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် ဦးဆောင်ဆွေးနွေးခဲ့သည်။

ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းဆိုင်လောဝ်က (၁၀) တန်း ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများအတွက် ကျောင်းအပ် လက်ခံရက်၊ ဖွင့်ရက်များကို အမြန်ဆုံး သတ်မှတ်၍ ကျောင်းဖွင့်လှစ်နိုင်ရေးအတွက်  ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် ဆွေးနွေး ပြောကြားခဲ့သည်။

ထိုနောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော် ဆောင်ဥက္ကဋ္ဌနှင့် နယကများ၊ မြို့မိမြို့ဖများ၊ ရပ်မိရပ်ဖများက ကျောင်းဖွင့်လှစ်နိုင်ရေးနှင့် ကျောင်းအပ်နှံရေးကိစ္စများကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)