သံဖြူဇရပ် ဒီဇင်ဘာ ၂၃
ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ပြည်သူများမီးသုံးစွဲရာတွင် ပေါ့ဆမှုမရှိစေရေး ကြိုတင်ကာကွယ်နိုင်ရန်နှင့် မီးဘေးအန္တရာယ်လုံခြုံမှုရှိစေရေးတို့အတွက် ယမန်နေ့နံနက်ပိုင်း က မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် မြန်မာစိန်လင်းသစ်ပါးလွှာစက်ရုံနှင့် Moe Family စက်သုံးဆီအရောင်းဆိုင်တို့အား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်မှ တာဝန်ရှိသူများပူးပေါင်းကာ သံဖြူဇရပ်မြို့နယ် ဝယ်ဝင်ကရာကျေးရွာရှိ သစ်ပါးလွှာစက်ရုံတွင် ဘွိုင်လာအသုံးပြုပုံများ၊ သစ်ပါးလွှာများ စနစ်တကျစုပုံထားရှိမှု ရှိ/မရှိ၊ လျှပ်စစ်ဝါယာကြိုးသွယ်တန်းထားရှိမှု၊ မီးသတ်ဆေးဘူးများထားရှိမှု၊ မီးလောင်မှုဖြစ်ပွားလျှင် အချက်ပေးစနစ်ဆောင်ရွက်ထားရှိမှုနှင့် မီးဘေးလုံခြုံရေးဆိုင်ရာ ဆောင်ရွက်ထားမှုတို့ကို စစ်ဆေးခဲ့သည်။
ဆက်လက်၍ Moe Family စစ်သုံးဆီအရောင်းအား စစ်ဆေးခဲ့ရာ စက်သုံးဆီဆိုင်များတွင် ဝါယာကြိုးများပေါက်ပြဲဆွေးမြေ့မှု ရှိ/မရှိ၊ လျှပ်စစ်မီးသုံးစွဲမှုစနစ်တကျ ရှိ/မရှိ၊ ဓာတ်ဆီသိုလှောင်ထားရှိမှုနှင့် ပိုက်သွယ်တန်းထားရှိမှု အခြေအနေများ၊ အရေးပေါ်မီးသတ်ဆေးဘူး အလုံအလောက်ထားရှိမှု ရှိ/မရှိ၊ ဝန်ထမ်းများမီးသတ်ဆေးဘူးအသုံးပြုတတ်မှု ရှိ/မရှိ၊ မီးသတ်ရေလှောင်ကန်တွင် ရေသိုလှောင်ထားရှိမှု၊ မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ အချက်အလက်များ ဆောင်ရွက်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်ချက်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
အေးအေးမွန်