မိုးနဲ ဒီဇင်ဘာ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊လင်းခေးခရိုင် မိုးနဲမြို့နယ်၌ ကျေးရွာအများစုတွင် စိုက်ပျိုး ထားသော ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် ဆောင်းနေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ခူးဆွတ်ရိတ်သိမ်းချိန်တွင် နေကြာအောင်စေ့များရရှိရန်နှင့် ဈေးကောင်းရရှိရန် မျှော်လင့်လျက်ရှိကြောင်း ဝမ်ယေးကျေးရွာနေ ဆောင်းနေကြာ စိုက်ပျိုးတောင်သူ ဦးမျိုးအောင်က ပြောကြားသည်။
မိုးနဲမြို့နယ်တွင် ဆီထွက်သီးနှံဆောင်းနေကြာကိုယခင်က စိုက်ပျိုးသူနည်ပါးသော်လည်း ယခုအခါ စားသုံးဆီဖူလုံရေး၊ မိသားစုအပိုဝင်ငွေရရှိရေးအတွက် စီးပွား ဖြစ် စိုက်ပျိုး လုပ်ကိုင်ကြကြောင်း၊ နေကြာသီးနှံကို သီးထပ်၊ သီးညှပ်စိုက်ပျိုးကြသည့်အပြင် နေကြာတစ်မျိုးထဲ စိုက်ပျိုးကြသည်များလည်း ရှိကြောင်း၊ ဆောင်းနေကြာစိုက်ပျိုးခြင်းအား စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် ကြဲပက်စိုက်ပျိုးကြကြောင်း၊ နေကြာသက်တမ်း လေးလ ကြာလျှင် ရင့်မှည့်ခူးဆွတ်ကြရပြီး၊ ယခုနှစ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှလည်း ရေဆင်း-၁ စပ်မျိုးနေကြာ မျိုးကောင်းမျိုးသန့်များကို တိုးတက်စိုက်ပျိုးနိုင်ရန်အတွက် တောင်သူများ လက်ဝယ်အရောက် ၂၅ ဧက အတွက် နေကြာမျိုးစေ့များ အခမဲ့ ဖြန့်ဝေပေး ခဲ့ကြောင်း၊ ထွက်ရှိလာသည့် နေကြာများကို မိမိတို့အရပ်ဒေသ ရှိ ကြိတ်စက်များဖြင့် ကြိတ် ကာ နေကြာဆီအဖြစ် မိမိတို့နေအိမ် မိသားစုစားသုံးဆီအပြင် ပြန်လည်ရောင်းချရာတွင်လည်း အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ယခုနှစ်တွင် ဆောင်းနေကြာကို မိုးနဲမြို့နယ်အတွင်းရှိ ဝမ်ဟေကျေးရွာ ၊ဝမ်ယေးကျေးရွာ ၊ပန်အူကျေးရွာ ၊နားခံကျေးရွာ နှင့်ဆိုက်ဖယ်ကျေးရွာတို့တွင်အများဆုံးစိုက်ပျိုးကြပြီး ဆောင်သီးနှံနေကြာစိုက်ဧက ၄၃ ဧကကျော်စိုက်ပျိုးထားရှိပြီး မြို့နယ် စိုက်ပျိုးရေးဦးစီး ဌာနမှလည်း နည်းပညာနှင့် သွင်းအားစုများကို လိုအပ်သလို ကူညီပံ့ပိုးဆောင်ရွက်ပေးလျက် ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဇော်မော်ဦး၏ ပြောကြားချက်အရ သိရသည်။
မျိုးညွန့်ရွှေ (ပြန်/ဆက်)