သီပေါ ဒီဇင်ဘာ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အမှတ်(၁) အခြေခံပညာ အလယ်တန်း ကျောင်းခွဲတွင် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စာစီစာကုံးပြိုင်ပွဲကို မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၂)ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး မူလတန်းအဆင့်တွင် “လွတ်လပ်ရေး အခမ်းအနား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့်တွင် “လွတ်လပ်ရေးအောင်ပွဲနေ့” ခေါင်းစဉ်ဖြင့်လည်းကောင်း ယှဉ်ပြိုင်ခဲ့ကြရာ အလယ်တန်းပြ ဆရာမများက ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာစီစာကုံးပြိုင်ပွဲ ပြုလုပ်ဆောင်ရွက်ပေးရခြင်းမှာ ကျောင်းသား၊ ကျောင်းသူများ လွတ်လပ်ရေးကို မြတ်နိုးတန်ဖိုးထားတတ်စေရန်နှင့် ကာကွယ်ထိန်းသိမ်း စောင့်ရှောက်တတ်စေရန် ရည်ရွယ်၍ ပြုလုပ် ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းသန္တာအေးက ပြောပြခဲ့ကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)