တိုက်ကြီးမြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ထုတ်ပြန်ထားသော ကြေညာချက်အား ပြည်သူများ သိရှိလိုက်နာနိုင်စေရေး အသိပေးနှိုးဆော်

တိုက်ကြီး ဒီဇင်ဘာ ၂၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၉.၁၂.၂၀၂၁) ရက်စွဲဖြင့် ထုတ်ပြန်ထားသော အသိပေးကြေညာချက်အား ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်အတွင်းရှိ မိဘပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာဆောင်ရွက် နိုင်စေရေးအတွက် ယမန်နေ့ ည ၈ နာရီအချိန်ခန့်က မြို့နယ်အတွင်း မော်တော်ယာဉ်ဖြင့် လှည့်လည် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပေးကြေညာချက် အပြည့်အစုံမှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၌ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ထုတ်ပြန်ကြေညာခဲ့သည့် NUG ၊ CRPH နှင့် လက်ဝေခံ PDF အဖွဲ့များ၏ တရားမဝင် လက်နက်များ၊ ခဲယမ်းများ၊ မိုင်း၊ ဆက်သွယ်ရေးပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများအပြင် လက်လုပ်သေနတ်၊ ယမ်း၊ မိုင်းနှင့် ဆက်စပ်ပစ္စည်းများကို လက်ဝယ်ကိုင်ဆောင် အကြမ်းဖက်မှုအပေါ်နှင့် နယ်စပ်ဒေသများနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အချို့တို့မှလည်း နိုင်ငံရေး၊ စစ်ရေးအမြတ်ထုတ်ရန် အလို့ငှာ ပြည်တွင်းသို့ နည်းမျိုးစုံဖြင့် ပို့ဆောင်နေသည့် လက်နက်၊ ခဲယမ်း၊ မိုင်း၊ ဆက်သွယ်ရေး ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများအား နေ့စဉ်နှင့် အမျှ ဖော်ထုတ်ဖမ်းဆီးရမိလျက် ရှိသကဲ့သို့ နည်းမျိုးစုံဖြင့် လက်ဝယ်ကိုင်ဆောင်သူ အကြမ်းဖက်သမားများထံမှလည်း ဖော်ထုတ်ဖမ်းဆီး သိမ်းဆည်းရမိလျက်ရှိကြောင်း၊ ၎င်းအပြင် တချို့သော အကြမ်းဖက် သမားများသည် နိုင်ငံသူ၊ နိုင်ငံသားများ၏ မသိနားမလည်မှု၊ ရိုးသားမှုအပေါ် အခွင့်ကောင်း ယူလျက် မိမိတို့၏ တရားမဝင် လက်နက်၊ ခဲယမ်း၊ မိုင်း၊ ဆက်သွယ်ရေးပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများအပြင် တားမြစ်ပစ္စည်းများကိုလည်း နည်းအမျိုးမျိုး၊ အသွင်အမျိုးမျိုးဖြင့် အပ်နှံသိမ်းဆည်းစေမှုများကိုလည်း ဖော်ထုတ်ဖမ်းဆီးရမိလျက်ရှိကြောင်း၊ သို့ဖြစ်ပါ၍ အကြမ်းဖက်သူများနှင့် မသက်ဆိုင်သောသူများကို မလိုလားအပ်သော တရားဥပဒေ ရင်ဆိုင်မှုများ မရှိစေနိုင်ရေး အလို့ငှာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထား၍ နိုင်ငံသူနိုင်ငံသားများ အားလုံးသည် အကြောင်းအမျိုးမျိုးနှင့် နည်းမျိုးစုံဖြင့် မိမိတို့ နေအိမ်၊ တိုက်ခန်းနှင့် နေရာ အသီးသီးတွင် တရားမဝင် လက်နက်၊ ခဲယမ်း၊ မိုင်း၊ ဆက်သွယ်ရေး ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ အပါအဝင် နိုင်ငံတော်မှ ဥပဒေအရ တားမြစ်ပြဋ္ဌာန်း ထားသည့် မူးယစ်ဆေးဝါးများ လက်ဝယ်သို့ ရောက်ရှိ သိမ်းဆည်းထားခြင်းရှိကြပါက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများ၊ နီးစပ်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ထံသို့ လာရောက်အပ်နှံကြပါရန်နှင့် သတ်မှတ်ရက်ကျော်လွန်ပြီးနောက် စစ်ဆေးတွေ့ရှိရပါ က တည်ဆဲဥပဒေများနှင့် အညီ အရေး ခံရမည်ဖြစ်ကြောင်း သတိပေးထုတ်ပြန်ထားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ထုတ်ပြန်ထားသော ကြေညာချက်အား ပြည်သူများ သိရှိလိုက်နာနိုင်စေရေးအတွက် တိုက်ကြီးမြို့နယ်အတွင်းရှိ တိုက်ကြီးမြို့၊ ဥက္ကံမြို့၊ အဖျောက် မြို့များတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ပါဝင်သော အဖွဲ့က သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများအတွင်း လှည့်လည်အသိပေး နှိုးဆော်လျက်ရှိကြောင်း သိရသည်။

စန်းကလျာခိုင်(ပြန်/ဆက်)