နေပြည်တော် ဒီဇင်ဘာ ၂၃
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ကြီးမှူးကျင်းပသည့် မိုဘိုင်းဖုန်း ပြုပြင်နည်းသင်တန်းနှင့် အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီတွင် လူထုအခြေပြုဗဟိုဌာန(ပျဉ်းမနား)၌ ကျင်းပသည်။
သင်တန်းဆင်းပွဲအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဒေါ်သီတာတင်က ယခုသင်တန်းများသည် နည်း ပညာဆိုင်ရာ သင်တန်းများဖြစ်သည်နှင့်အညီ စဉ်ဆက်မပြတ် ဆက်လက်လေ့လာကြိုးစား ကြဖို့ လိုပါကြောင်း၊ သင်တန်းသူ/သင်တန်းသားများ အနေဖြင့် ဌာနကသင်ကြားပေးလိုက်တဲ့ အသိပညာ၊ အတတ်ပညာများကို ဆထက်တစ်ပိုး တိုးတက်တတ်မြောက်အောင် လေ့လာသင်ယူပြီး ဌာနအကျိုးနှင့် ပြည်သူ့အကျိုးအတွက် ပြန်လည်မျှဝေသင်ကြားပေးကြစေလို ကြောင်းဖြင့် ထည့်သွင်း ပြောကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဒေါ်သီတာတင်က အခြေခံကွန်ပျူတာ သင်တန်းဆင်းလက်မှတ်များကို လည်းကောင်း၊ ညွှန်ကြားရေးမှူး(ပြန်/ဆက်) ဦးကျော်ဆင့်က မိုဘိုင်းဖုန်းပြုပြင်နည်း သင်တန်းဆင်း လက်မှတ်များကိုလည်းကောင်း ပေးအပ်ချီးမြှင့်ရာ သင်တန်းသား/ သင်တန်းသူများ ကိုယ်စား သင်တန်းသားတစ်ဦးနှင့် သင်တန်းသူတစ်ဦးတို့မှ အသီးသီးလက်ခံရယူကြသည်။
ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဒေါ်သီတာတင်နှင့် တာဝန်ရှိသူများက အခြေခံကွန်ပျူတာသင်တန်းနှင့် မိုဘိုင်းဖုန်းပြုပြင်နည်းသင်တန်းများ ဖွင့်လှစ်သင်ကြားနေမှုများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ခန့်ဝင်းကျော် (မြို့နယ် ပြန်/ဆက်)