ကျောက်ပန်းတောင်း ဒီဇင်ဘာ ၂၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့အကြိုအဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ကုသရေးဆိုင်ရာ မှတ်တမ်းဓာတ်ပုံပြပွဲနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ တိုင်းကျိုးပြည်ပြု ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများကို ယနေ့နံနက်(၉)နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမနှင့် ရုံးရှေ့ရှိ မြေစိုက်ဘုတ်တို့တွင် ခင်းကျင်းပြသထားကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်မေသက်နွယ်နှင့် ဝန်ထမ်းများ သည် (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဓာတ်ပုံပြပွဲအဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ကုသရေးဆိုင်ရာ မှတ်တမ်းဓာတ်ပုံများ၊ ကာကွယ်ဆေးထိုးမှတ်တမ်းဓာတ်ပုံများနှင့် အသိပညာပေးပိုစတာများပါဝင်သည့် ဓာတ်ပုံပြပွဲကို ရုံးတွင်းရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ခင်းကျင်းပြသထားရာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူလေးများ လာရောက်ကြည့်ရှုလေ့လာကြပြီး ဒုတိယမြို့နယ်ဦးစီးမှူး ဒေါ်မြင့်ကေခိုင်က ပြပွဲဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။ ထို့အပြင် ပြည်သူများ လေ့လာကြည့်ရှုနိုင်စေရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ဆိုင်ရာ ဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများကို အဆိုပါရုံးရှေ့ရှိ မြေစိုက်ဘုတ်တွင် ပြသထားရှိရာ လမ်းသွား/လမ်းလာပြည်သူများက စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)