ရေးမြို့နယ်၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်မှုလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်

ရေး    ဒီဇင်ဘာ  ၂၂

မွန်ပြည်နယ် ရေးမြို့နယ်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါ အိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ   ဝန်ထမ်းများက    ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များနှင့် လူစည်ကားရာနေရာများ၌  မွန်/မြန်မာ နှစ်ဘာသာဖြင့် လှည့်လည်နှိုးဆော်ပေးလျက်ရှိသည်။

အသိပေးနှိုးဆော်ရာ၌  ပြည်သူများအနေဖြင့် မျိုးဗီဇပြောင်းအိုမီခရွန် ကိုဗစ်-၁၉ ရောဂါသည် မိမိတို့နိုင်ငံတွင်မဖြစ်သေးသော်လည်း  အခြားသောနိုင်ငံများတွင် စတင်ဖြစ်ပေါ်လျက်ရှိသဖြင့် မိမိတို့မြို့ရွာအတွင်း  မဖြစ်ပွားမီကြိုတင်ကာကွယ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် ကာကွယ်ရေးလုပ်ငန်များဖြစ်သည့် ကိုဗစ်-၁၉ ကာကွယ်ဆေးအား  အကြိမ်အပြည့်အဝ  ထိုးနှံထားကြရန်၊   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများအတိုင်း တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေခြင်း၊ အပြင်ထွက်တိုင်းပါးစပ်နှင့် နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း၊ ချောင်းဆိုး/နှာချေလျှင် တစ်ရှူး(သို့မဟုတ်) တံတောင်ကွေးဖြင့် လုံခြုံစွာဖုံးအုပ်ခြင်း၊ အပြင်မှပြန်လာတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့် ၂၀ ကြာအောင် စနစ်တကျဆေးကြောခြင်းများဖြင့် ကိုဗစ်ရောဂါပိုး ကူးစက်ပြန့်ပွားမှုလျော့နည်းကျဆင်းရေးအတွက်  ပြည်သူတစ်ရပ်လုံးက   ပူးပေါင်းပါဝင် တိုက်ထုတ်ကြရန် အသိပေး၊ သတိပေးခြင်းများကို လှည့်လည်အသိပေးနှိုးဆော်ခဲ့ပြီး အခြားနေ့ရက်များတွင်လည်း ရပ်ကွက်/ကျေးရွာသို့ ဆက်လက်နှိုးဆော်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခင်သိမ့်သိမ့်ရည်