သုံးခွမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်း‌ဆောင်ရွက်

သုံးခွ  ဒီဇင်ဘာ ၂၃

ရန်ကုန်တိုင်း‌ဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်အထက၁၊ အထက၂ ရှိ‌ ကျောင်းသား /သူများအား ပန်းခင်းစီမံချက်ဖြင့် တိုင်းရင်းသား/ဥပဒေအရနိုင်ငံသားများအား ဥပဒေနှင့် အညီ ကိုင်ဆောင်သင့်သော ကတ်တစ်မျိူးမျိုး ထုတ်ပေးနိုင်ရေးအတွက် ယမန်နေ့နံနက် (၉)နာရီအချိန်က အထက(၁)၊ အထက(၂) အခြေခံပညာကျောင်းများ၌ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့‌ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ၀န်ကြီးဌာနမြို့နယ် ဦးစီးမှူး ဦးမင်းသူက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးရခြင်းရည်ရွယ်ချက်များ၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားပြုလုပ်ခြင်းကြောင့်ရရှိမည့် အကျိုးကျေးဇူးများ မပျောက်မပျက်အောင် ထိန်းသိမ်းရန်လိုအပ်ပုံ နိုင်ငံသားကတ် ကိုင်ဆောင်သူများ လိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်လိုအပ်သော သက်သေခံ အထောက်အထားများ၊ စာရွက်စာတမ်းများ ပူးတွဲတင်ပြသည့် အထောက်အထား များကိုစိစစ်၍ ရှေ့ပြေးလျောက်လွှာ (မျိုးရိုးစဉ်ဆက် ဇယား) ပုံစံစာရွက်တွင် လိုအပ်သော အချက်အလက်များ ဖြည့်စွက်ပြီး အသက်၁၀နှစ်မှ ၁၈နှစ်ကြား‌ အ.ထ.က(၁)ကျောင်းရှိ ကျောင်းသား(၂၁)ဦး၊ ကျောင်းသူ(၁၇)ဦး၊ အ.ထ.က(၂) ကျောင်းရှိ ကျောင်းသား(၁၄)ဦး၊ ကျောင်းသူ(၁၅)ဦးစုစုပေါင်း (၃၂)ဦးတို့အား ပြုလုပ် ပေးခဲ့ကြောင်းသိရသည်။

ပန်းခင်းစီမံချက်ဖြင့် ‘လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုကိုင်ကြစို့’ဆောင်ပုဒ်နှင့်အညီ လက်ရှိဇာတိ၌ အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး ကိုင်ဆောင် လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ လက်ရှိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးစာရင်းမရှိသူ ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုစာရင်းရှိပြီး လက်ရှိဒေသတွင် ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်းစသည့် နည်းလမ်းများဖြင့်  နိုင်ငံသားအရည်အချင်းပြည့်မီသူတိုင်းအား ဆောင်ရွက် ပေးလျက်ရှိပြီး မြို့နယ်အတွင်း ကျန်ရှိနေသည့် ရပ်ကွက်ကျေးရွာများတွင်လည်း ဆက်လက်ကွင်းဆင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်းသိရသည်။

 စည်သူလင်း