ရန်ကုန် ဒီဇင်ဘာ ၂၃ ရက်
မြန်မာနိုင်ငံနယ်နိမိတ်အတွင်း နေထိုင်ကြသည့်နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးရရှိစေရန်နှင့် နိုင်ငံသား အရည်အချင်းပြည့်မှီသူများအတွက် ရည်ရွယ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်အရ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ယူ၍ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းကို ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အနောက်ပိုင်းခရိုင် လှိုင်မြို့နယ်အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ မြို့နယ်များတွင် ၂၀၂၁ခုနှစ် မေလ(၃)ရက်နေ့မှ ၂၀၂၂-ခုနှစ် နိုဝင်ဘာလ (၃)ရက်နေ့အထိ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်အမှတ်(၂)ရပ်ကွက်နှင့် အမှတ်( ၄)ရပ်ကွက်အတွင်းရှိ အသက်(၁၈) ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများ၊ ပျောက်ဆုံးပြည်သူများကို နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးနေမှကို ယနေ့ နံနက်ပိုင်းအချိန်က ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် ကွင်းဆင်းဆောင်ရွက်ပြုလုပ်ပေးလျက်ရှိကြပြီး လိုအပ် သည်များကိုလည်း ပြည်သူများသိရှိနိုင်ရေး ရှင်းလင်းညှိနှိုင်း ပူးပေါင်းဆောင်ရွက်ပေးခဲ့ပါသည်။
အလားတူမြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးနှင့် ဝန်ထမ်းများက ကျန်ရှိသော ရပ်ကွက် များသို့ နယ်လှည့်ကွင်းဆင်း၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ ဦးစီးမှူးရုံးမှ သိရှိရသည်။
သီတာ