ဟိုပန် ဒီဇင်ဘာ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်၊ နောင်မိုကျေးရွာ အုပ်စု၊ နောင်အွန် ခန်းမ၌ တတိယအသုတ် (ဒုတိယအကြိမ်) တွင် ဆေးထိုးရန်ကျန်ရှိသည့် အသက်(၁၈)နှစ်အထက် ဒေသခံပြည်သူများအား ယမန်နေ့ နံနက်ပိုင်းအချိန်မှ စတင်၍ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)ကို ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံရာတွင် ဟိုပန်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးရဲဝင်းထိုက်၏ စီစဉ်ကြီးကြပ်မှုဖြင့် ကော်မတီအဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးစာရေးများ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ဆေးလာရောက်ထိုးနှံသည့် ပြည်သူများကို ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ခြင်း၊ စာရင်းအချက်အလက်များ ကောက်ယူခြင်း၊ ကိုယ်ပူချိန် တိုင်းတာခြင်းများနှင့် ကာကွယ်ဆေး ထိုးနှံပြီးချိန်တွင် ခေတ္တအနားယူစေခြင်း စသည့်လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများကို ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး မှတ်တမ်း ကတ်ပြားများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဟိုပန်မြို့နယ်တွင် ယနေ့အထိ အသက် (၁၈) နှစ်အထက် အမျိုးသား (၆၅၄) ဦး၊ အမျိုးသမီး (၇၀၆) ဦး စုစုပေါင်းပြည်သူ (၁၃၆၀) ဦးတို့အား တတိယအသုတ် (ဒုတိယအကြိမ်) အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ကို ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီထံမှ သိရသည်။
ဇင်ဇင်(ပြန်/ဆက်)