မှော်ဘီမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်

မှော်ဘီ ဒီဇင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်အတွင်းရှိ မိဘပြည်သူများအား ကိုဗစ် - ၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းကို ယနေ့ နံနက်ပိုင်းက ရပ်ကွက်နှင့် ကျေးရွာများသို့ ​မော်တော်ယာဉ်ဖြင့် လှည့်လည်၍ တိုက်တွန်း နှိုးဆော်ခဲ့ကြောင်း သိရသည်။

ထိုသို့အသိပညာပေး နှိုးဆော်ရာတွင် မြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ မျိုးရိုး​ဗီဇပြောင်းဖြစ်သည့် အိုမီခရွန် ကူးစက်ပျံ့နှံမှုမှာ ရက်ပိုင်းအတွင်းမှာပင် နိုင်ငံအရေ အတွက် ပိုမိုများပြားလာပြီးဖြစ်ကြောင်း၊ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ကို ပြည်သူများ အနေဖြင့် ဆက်လက်ကာကွယ် တားဆီးနိုင်ရေးအတွက် အထူးသတိပြုကြရမည်ဖြစ်သော်လည်း ကြောက်စရာ မဟုတ်ပါကြောင်း၊  ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်း၊ ပါးစပ်နှင့် နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်ခြင်း၊ လက်ကို စက္ကန့် (၂၀) ကြာ မကြာခဏ ဆေးကြောခြင်း၊ လူစုလူဝေးရှောင်ရှားကာ တတ်နိုင်သမျှ မိမိတို့၏ နေအိမ်၌သာ နေထိုင်ခြင်း၊ သံသယလက္ခဏာများ ခံစားရလျှင် နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ်ခြင်း စသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့် အညီ လိုက်နာနေထိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို အကြိမ်ပြည့် မပျက်မကွက် ထိုးနှံကြကာ အိုမီခရွန် အပါအဝင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုးများ ကူးစက်မှု ရပ်တန့် စေရေး ရောဂါကာကွယ်ရေး နည်းလမ်းများကို ပြည်သူများအားလုံး ဆက်လက်လိုက်နာခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ကြပါရန် အသိပညာပေးနှိုးဆော်ထားသည်။

မှော်ဘီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် တာဝန်ရှိသူများက ရောဂါကြိုတင်ကာကွယ်ရေး အသိပညာ ပေး နှိုးဆော်ခြင်း လုပ်ငန်းများ၊ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ကောင်းမြတ်သူ (ပြန်/ဆက်)