ရမည်းသင်းမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးစိတ်သစ် အိုမီခရွန်ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး အသိပေးနှိုးဆော်

ရမည်းသင်း ဒီဇင်ဘာ ၂၃

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့တွေ့ရှိမှုနှုန်း မရှိစေ ရန်နှင့် မျိုးရိုးဗီဇပြောင်း အိုမီခရွန်ဗိုင်းရပ်ပိုးကူးစက်မှုမရှိစေရန် ကြိုတင်ကာကွယ်ရေးတို့ကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက် များအား ပြည်သူများလိုက်နာရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံရေး စဉ်ဆက်မပြတ် အသိပညာပေးခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရွှေစည်းခုံရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့တို့ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီက ဆေးရုံ ကွက်သစ်ရပ်ကွက်အတွင်း လှည့်လည်အသိပေး နှိုးဆော်ကြောင်း သိရသည်။

ထိုသို့လှည့်လည်အသိပေးနှိုးဆော်ရာတွင် မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွား မှု မဖြစ်ပေါ်စေရေးအတွက် မဖြစ်မနေ အိမ်တွင်း၌သာ နေထိုင်ရန်၊ ပြင်ပမှလာသော ဧည့်သည်များ လက် မခံကြရန်နှင့် မိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်းမပြုကြရန်၊ အရေးကြီးကိစ္စကြောင့် အပြင်ထွက်ပါက ပါးစပ်နှာခေါင်းစည်း စနစ်တကျတပ်ဆင်ရန်၊  အရာဝတ္ထုတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့်(၂၀) ကြာ စနစ်တကျ ဆေးကြောကြရန်၊  လေဝင်လေထွက် မကောင်းသောအခန်းများ သွားလာခြင်းမှ ရှောင်ကြရန်၊ သက်ကြီးရွယ်အိုများနှင့် ဆီးချို၊ သွေးတိုးနှင့် နှလုံးရောဂါ ရှိသူများ ရောဂါ ကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာ ခံစားရပြီး အသက်အန္တရာယ် ထိခိုက်နိုင်ကြောင်း၊ မိမိတို့၌ ရောဂါပိုး ကူးစက်ခံနေရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေး ဌာနများသို့ ဆက်သွယ်၍ မပျက် မကွက် စစ်ဆေးကုသမှု ခံယူကြရန်၊ ကိုဗစ်ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံကြရန်နှင့် ကာကွယ်ဆေး ထိုးပြီးသော်လည်း ရောဂါကာကွယ်ရေးနည်းလမ်းများကို လိုက်နာကြရန်တို့ကို ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် ဆေးရုံကွက်သစ် ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့ဝင် များနှင့် ပူးပေါင်း၍ ပြည်သူများအတွင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ဇော်ဝင်းအောင် (ပြန်/ဆက်)