မိသားစုဝင်ငွေတိုးပွားစေရန်မုန်ညင်းပင်များ စနစ်တကျစိုက်ပျိုးခြင်းဖြင့် အထွက်နှုန်းကောင်း၍ စီးပွားရေးအဆင်ပြေ

ကျိုက်မရော     ဒီဇင်ဘာ  ၂၂

ပြည်သူများနေ့စဉ်စားသုံးလျက်ရှိသည့် အသီးအနှံများတွင် ဆောင်းရာသီသီးနှံတစ်မျိုးဖြစ်သည့် အိမ်ရှင်မများအကြိုက်  မုန်ညင်းရွက်အပင်များကို ကျိုက်မရောမြို့နယ်၊ မြွေဟောက်ကျေးရွာအုပ်စုတွင် ခြံစိုက်တောင်သူများ စီးပွားဖြစ်စိုက်ပျိုးကြရာ အထွက်နှုန်းကောင်းပြီး စျေးကောင်းလည်းရသဖြင့် မိသားစုများအပိုဝင်ငွေရရှိကာ စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။

ရာသီအလိုက် သီးနှံများထဲ၌ စိုက်ပျိုးဖြစ်ထွန်းသည့် ဟင်းသီးဟင်းရွက်များအနက် စျေးကွက်ဝယ်လိုအားကောင်းသည့် မုန်ညင်းရွက်ကို မြွေဟောက်ကျေးရွာ၌ ပို၍စိုက်ပျိုးလာကြကြောင်း သိရသည်။

မုန်ညင်းကို အအေးဓာတ်များသောဒေသတွင် ပို၍စိုက်ပျိုးပြီးစိုက်ပျိူးမြေမှာ မြေဆီမြေသြဇာ ကြွယ်ဝရန်လိုအပ်ပြီး မြေဆီမြေသြဇာမကြွယ်ဝသော မြေဖြစ်ပါက နွားချေးနှင့်မြေဆွေးထည့်မွှေ ရန်လိုအပ်ကြောင်း မုန်ညင်းရွက်ကို ရာသီမရွေးစိုက်ပျိုးနိုင်သော်လည်း အအေးကြိုက်သောသီးနှံဖြစ်၍ ဆောင်းရာသီတွင်ပိုမိုစိုက်ပျိုးဖြစ်ထွန်းကြောင်း မုန်ညင်းစိုက်တောင်သူ ဦးဇေယျာ က ပြောသည်။

မုန်ညင်းရွက်ပင်များကို ပျိုးထောင်စိုက်ပျိုးမည်ဆိုပါက အရွက်သေးများအတွက် တစ်ပေအကွာအတန်းများတွင် တစ်ပင်နှင့်တစ်ပင် တစ်ပေခြား၍ စိုက်ပျိုးရကြောင်း အရွက်ကြီးမျိုးကို တစ်ပင်နှင့်တစ်ပင် တစ်ပေခြား၍ စိုက်ပျိုးရကြောင်း သိရသည်။

မုန်ညင်းရွက်ကို ဆောင်းရာသီအစနိုဝင်ဘာလဆန်းပိုင်းတွင် စတင်စိုက်ပျိုးကြပြီး ၄၅ရက်အကြာတွင် ခူး၍ရရှိပြီးဖြစ်ရာ မုန်ညင်းရွက်ကို အချို့ကပိဿာချိန်နှင့် ရောင်းပြီးအချို့က အပင်လိုက်နှုတ်ပြီးတစ်ပင်ကို ၂၀၀ ကျပ်၊ ၃၀၀ ကျပ်အထိ စျေးရ၍ မုန်ညင်းကို စီးပွားဖြစ်စိုက်ပျိုးသူများ အပိုဝင်ငွေရရှိကာ စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး(ကျိုက်မရော)