ချောင်းဆုံ ဒီဇင်ဘာ ၂၃
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ လူမှုရေး၊ စီးပွားရေးနှင့် ကျန်းမာရေး ကိစ္စရပ်များတွင် အဆင်ပြေချောမွေ့စေရန် လမ်း၊တံတားများကို ပြုပြင်ဆောင်ရွက်လျှက်ရှိရာ ကမာကေး−ကွင်းကလိန်း−ဆယ်ပလာလမ်း ကတ္တရာခင်းခြင်းနှင့် မုရစ်ကလေး −ခရိုက်ဒူး−ဆယ်ပလာလမ်း ထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများကို ဒီဇင်ဘာ ၂၁ ရက်နေ့က မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးစိုးလွင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
၂၀၂၁−၂၂ ဘဏ္ဍာနှစ် ကမာကေး−ကွင်းကလိန်း−ဆယ်ပလာလမ်း (၁)မိုင် ကတ္တရာခင်းခြင်း လုပ်ငန်းကို ငွေကျပ် (၂၀၂.၁၆)သန်းဖြင့် ဆောင်ရွက်နေပြီး မုရစ်ကလေး −ခရိုက်ဒူး−ဆယ်ပလာလမ်း မူလလမ်းဟောင်းကို ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း (၂) မိုင် (၁) ဖာလုံကိုတော့ ၂၀၂၀−၂၀၂၁ ဘဏ္ဍာနှစ် ငွေကျပ်(၁၀၁.၂၅)သန်းဖြင့် ပြည်နယ်အစိုးရအဖွဲ့ ထောက်ပံ့မှုများနှင့် ဆောင်ရွက်လျှက်ရှိကြောင်း ချောင်းဆုံမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ (မြို့ပြ) ဒေါ်အိအိခိုင် မှ ပြောသည်။
ကမာကေး−ကွင်းကလိန်း−ဆယ်ပလာလမ်း ကောင်းသွားရင်တော့ရွာအတွက် အများကြီး အကျိုးရှိမယ် ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးအားလုံးပေါ့ အဓိက ကျောင်းသား/သူတွေ အဆင်ပြေမယ်၊ ပင်လယ်ငါးဖမ်းလုပ်ကိုင်သူတွေလည်း အဆင်ပြေလာမယ်၊ စီးပွားရေးလုပ်ငန်းရှင်တွေ ရောက်လာနိုင်တဲ့အတွက် ကျေးရွာဒေသခံတွေ အလုပ်အကိုင် အခွင့်အလမ်းတွေရရှိလာမှာဖြစ်တယ်လို့ ခရိုက်ဒူး ကျေးရွာဒေသခံတစ်ဦးထံမှ သိရသည်။
မွန်ကြီး(ချောင်းဆုံ)