ငါန်းဇွန်မြို့နယ် လက်ပံကျင်းတောင်ကျေးရွာ အထက(ခွဲ)၌ ကျောင်းဆောင်သစ်ဆောက်လုပ်မှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ငါန်းဇွန်    ဩဂုတ် ၂၄

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ လက်ပံကျင်းကျေးရွာအုပ်စု၊ လက်ပံကျင်းတောင်ကျေးရွာ အခြေခံပညာအထက် တန်းကျောင်း(ခွဲ)ဝင်းအတွင်း ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ် ပြည်ထောင်စုဘတ်ဂျက် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကျောင်းဆောင်သစ်တည်ဆောက်နေမှုအား မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ရေးကော်မတီဝင်များက ယမန်နေ့ညနေ ၄နာရီခွဲက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ရေးကော်မတီဝင်များဖြစ်သည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးနိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်မောင်ခ၊ မြို့နယ်လမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြိုင်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးမင်းကိုနှင့် ဦးဆန်းဝင်း(Third Party)တို့သည်  ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စုဘတ်ဂျက် ငွေလုံးငွေရင်းရန်ပုံငွေ (၆၃ဒသမ ၂၇၀)ကျပ်သန်းဖြင့် (အလျား ၁၂၀ ပေ၊ အနံပေ ၃၀) Steel Structure တစ်ထပ်ကျောင်းဆောင်သစ်ဆောက်လုပ်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးရာ အဆိုပါကျောင်းဆောင်သစ်ကို တာယူတည်ဆောက်လျှက်ရှိသော တော်ဝင်ပုံရိပ်ကုမ္ပဏီမှ တာဝန်ရှိသူများက ၇၅ ရာခိုင်နှုန်းဆောက်လုပ်ပြီးစီးမှုအား လိုက်လံရှင်းလင်းပြသသည်။ ထို့နောက် မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများစိစစ်ရေးကော်မတီဝင်များက ကျောင်းဆောင်သစ်ဆောက်လုပ်နေမှုအား သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းပြည့်မီစွာ ဆောင်ရွက်သွားနိုင်ရေး တော်ဝင်ပုံရိပ်ကုမ္ပဏီမှ တာဝန်ရှိသူတို့အားမှာကြားခဲ့ကြောင်း သိရသည်။       

သက်နောင်ဦး(ငါန်းဇွန်)