မတ္တရာ ဒီဇင်ဘာ ၂၂
၇၄နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ကျောင်းတွင်းအားကစားပြိုင်ပွဲများကို ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(မတ္တရာ)တွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
၇၄နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ကျောင်းတွင်းအားကစားပြိုင်ပွဲတွင် အလယ်တန်းနှင့် အထက်တန်းအဆင့်အမျိုးသား/အမျိုးသမီး လွန်ဆွဲပြိုင်ပွဲတွင် မြို့နယ်အဆင့်နှင့် ကျောင်းတွင်းအဆင့် နှစ်မျိုးခွဲ၍ ကျင်းပခဲ့ပြီး၊ တာတိုအပြေးပြိုင်ပွဲတွင် မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် တို့ကို ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းနှင့် အဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများမှ ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါပြိုင်ပွဲများတွင် ဆုရရှိသော ပြိုင်ပွဲဝင်အသင်းများအတွက် ဆုချီးမြှင့်ငွေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းနှင့် အဖွဲ့ဝင်များမှ ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးမှ လက်ခံရယူခဲ့သည်။ ထို့အတူ အခြားအခြေခံပညာကျောင်းများတွင်လည်း ကျောင်းတွင်းအားကစားပြိုင်ပွဲများအဖြစ် အပြေးပြိုင်ပွဲ၊ အာလူးကောက်၊ ဇွန်းကိုက်၊ အိတ်စွပ်ပြေးပြိုင်ပွဲ၊ စသည့် အားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
စိုးကျော်သူထွေး(မတ္တရာ)