ညောင်ဦးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကူးစက်ပြန့်ပွားမှုမရှိစေရေး Mask Campaign ပြုလုပ်

ညောင်ဦး ဩဂုတ် ၂၄

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကူးစက်ပြန့်ပွားမှုမရှိစေရေး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ Mask Campaign ကို ညောင်ဦးမြို့ မဏိစည်သူဈေးအတွင်းနှင့် ပတ်ဝန်းကျင် လူထူထပ်၍ လူသွားလူလာမျာ းပြားသည့်လမ်းမကြီးများပေါ်တွင် ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအဖွဲ့ဝင်များသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ကိုရိုနာဗိုင်းရပ်စ်(ကိုဗစ်-၁၉) ရောဂါ ကာကွယ် ထိန်းချုပ် တားဆီးနိုင်ရေးအတွက် ပြည်သူများအနေဖြင့် မိမိတို့၏နေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း နှာခေါင်းစည်း (Mask) များ တပ်ဆင်ရေး၊ လက်ကို မကြာခဏ စနစ်တကျဆေးကြောရန်နှင့် လူစုလူဝေးရှိသည့်နေရာများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ရေးတို့ကို အသိ ပညာပေးပြီး နောက်ရက်များတွင် နှာခေါင်းစည်း (Mask) များမတပ်ဆင်ပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းကြေညာပြီး နှာခေါင်းစည်း (Mask) များ လိုက်လံဝေငှကြသည်။

ထိုသို့ Mask Campaign ပြုလုပ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ခိုင်နှင့် အဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မဏိစည်သူဈေး ဈေးမိဈေးဖများ၊ FDA အဖွဲ့ဝန်ထမ်းများမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျော်မင်းဦး(ရေနံချောင်း)