နေပြည်တော် ဒီဇင်ဘာ ၂၂
နေပြည်တော် အသေးစားနှင့်အလတ်စား စက်မှုဇုန်ကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ (၂) နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်အသေးစားနှင့်အလတ်စား စက်မှုဇုန်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေးနှင့် သန့်ရှင်းသာယာလှပရေးတို့ကို အလေးထားဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ဆပ်ကော်မတီ အသီးသီးများမှ စက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားကြိုးစားဆောင်ရွက်စေလိုကြောင်း၊ စက်မှုဇုန်အတွင်း မြေနေရာချထားမှုများနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ဆပ်ကော်မတီအသီးသီးမှဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယခင် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများ၊ စက်မှုဇုန်အတွင်း ရင်းနှီးမြှုပ်နှံမှုပြုရန် မြေကွက် လျှောက်ထားမှုများ၊ မြေနေရာချထားခွင့်ပြုနိုင်ရေးကိစ္စရပ်များ၊ စက်မှုဇုန်ဖွံ့ ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ သန့်ရှင်းသာယာလှပရေး ကိစ္စရပ်များကို သက်ဆိုင်ရာကဏ္ဍများ အလိုက် ဆွေးနွေးတင်ပြကြရာ နေပြည်တော် အသေးစားနှင့်အလတ်စား စက်မှုဇုန်ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)